BEC-TERO TV

မကွေးမြို့ရှိ မကွေးမင်းသမီး KTV ကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး

07 Sep 2020     1,435 Views


မကွေးမြို့ အောင်မေတ္တာရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ မကွေးမင်းသမီး KTV ကို စက်တင်ဘာ ၅ ရက်ညက ဝင်ရောက်ဖမ်းဆီးပြီး ဆိုင်ပိုင်ရှင်အပါအဝင် ၆ ဦးကို အရေးယူခဲ့တယ်လို့ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ မကွေးမြို့ အောင်မေတ္တာရပ်ကွက်မှာ ရှိတဲ့ မကွေးမင်းသမီး KTV ဟာ ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်ကိုမလိုက်နာဘဲ KTV လုပ်ငန်းလုပ်ကိုင်နေတယ်လို့ သတင်းရတဲ့ အတွက် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးအရေးယူခဲ့တာ ဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က “အဲဒီ KTV ကိုဝင်ရောက်ရှာဖွေရာမှာတော့ ဆိုင်ပိုင်ရှင်အမျိုးသမီးအပါဝင် အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၁ ဦး ဖမ်းမိခဲ့ပြီး KTV လုပ်ငန်းလုပ်ကိုင်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်”လို့ ဆိုပါတယ်။ ကိုဗစ် ၁၉ ကာလအတွင်းမှာ ထုတ်ပြန်ထားတဲ့ ညွန့်ကြားချက်ကို ဖောက်ဖျက်ခဲ့တဲ့ ဆိုင်ပိုင်ရှင်အပါအဝင် အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၁ ဦးကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့အနေနဲ့ ကိုဗစ်-၁၉ ကာလအတွင်းမှာ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask တင်ဆင်ကြဖို့ အသိပညာပေးတာတွေ ဆက်တိုက်လုပ်ဆောင်နေပြီးတော့ စည်းကမ်းချိုးဖောက်တဲ့သူတွေကိုလည်း ဥပဒေအရ အရေးယူဆောင်ရွက်နေတယ်လို့ မကွေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ကနေသိရပါတယ်။

မင်းထီး/DVB

#popolay #popoalaytv #news #KTV #မကွေး


07 Sep 2020     1,435 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS