ကိုဗစ်-၁၉ သံသယရှိ မြန်မာ ၃ ဦးနှင့် ကျောင်းသားအချို့ထိတွေ့ခဲ့သဖြင့် ထိုင်းစာသင်ကျောင်းပိတ်
02 Sep 2020 1,495 Views
ကိုဗစ်-၁၉ ရောဂါသံသယရှိ မြန်မာအမျိုးသား ၃ ယောက်နဲ့ ကျောင်းသားတချို့ ထိတွေ့ခဲ့မှုကြောင့် မြန်မာနယ်စပ်နဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံ၊ ထောင်ဖာဖွန်ခရိုင်ထဲက စာသင်ကျောင်းတကျောင်းကို ယာယီပိတ်ထားလိုက်ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ အဲဒီကျောင်းမှာ တက်ရောက်နေတဲ့ ၃ တန်း၊ ၄ တန်းနဲ့ ၇ တန်းအရွယ် ကလေး ၃ ယောက်ဟာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအမျိုးသား ၃ ယောက်နဲ့ ထိတွေ့မှုတွေ ရှိခဲ့တာကြောင့် ခုလို ပိတ်လိုက်ရတာဖြစ်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
အဆိုပါ ကျောင်းမှာတော့ ကျောင်းသားကျောင်းသူ ၈၅၇ ယောက် တက်ရောက် ပညာသင်ကြားနေကြတာဖြစ်ပြီး ဆရာဆရာမ ဦးရေ ၄၅ ယောက် ရှိပါတယ်။ မြန်မာအမျိုးသား ၃ ယောက်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်က ထိုင်းနိုင်ငံ ဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ကြပြီး ကျောင်းသား ၃ ယောက် နေထိုင်ရာအိမ်ကို ရောက်ရှိခဲ့ကာ တည်းခိုနေထိုင်ခဲ့ကြတာပါ။ ဩဂုတ် ၃၁ ရက်နေ့မှာတော့ သူတို့ထဲက ၂ ယောက်ဟာ ဖျားနာခဲ့တာမို့ ဆေးရုံကို ပို့ဆောင်စစ်ဆေးခဲ့ချိန်မှာတော့ သာမန်ထက် ကိုယ်အပူချိန်မြင့်တက်ခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ရပြီး ကိုဗစ်-၁၉ သံသယလူနာတွေအဖြစ် စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ လုပ်ခဲ့ရတာလို့ ဆိုပါတယ်။
သူတို့ဟာ တရားမဝင် နိုင်ငံဖြတ်ကျော်ဝင်ရောက်မှုအတွက်လည်း ဖမ်းဆီးအရေးယူခံရမှာဖြစ်ကာ လတ်တလောမှာတော့ ကိုဗစ်-၁၉ စစ်ဆေးမှု အဖြေကို စောင့်ဆိုင်းနေရဆဲ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ သူတို့တွေနဲ့ ထိတွေ့ခဲ့တဲ့ ကျောင်းသားကလေးငယ် ၃ ယောက်ကိုတော့ နေအိမ်မှာ ၁၄ ရက် စောင့်ကြပ်ကြည့်ရှုမှုတွေ လုပ်ဆောင်နေပြီး စာသင်ကျောင်းကိုတော့ သံသယ လူနာတွေရဲ့ ကိုဗစ်-၁၉ စစ်ဆးချက်အဖြေမရခင် စက်တင်ဘာ ၁ ရက်မှ ၃ ရက်အထိ ယာယီပိတ်ထားမယ်လို့ ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူက ပြောပါတယ်။
ကိုးကား- Bangkok Post / ဒီဗွီဘီ
#popolay #popolaytv #news #ထိုင်း