ရေကျော် City Mart အတွင်းဖြစ်ပွားခဲ့သော ခိုက်ရန်ဖြစ်မှုမှ သံသယရှိသူ အမျိုးသမီးကို ရမန်ယူ၍ အင်းစိန်ထောင်ပို့
01 Sep 2020 1,530 Views
ရေကျော် City Mart အတွင်းဖြစ်ပွားခဲ့သော ခိုက်ရန်ဖြစ်မှုတွင် သံသယရှိသူ မနှင်းဝတ်ရည်ကို အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ ဖြင့်တရားစွဲဆိုထား၍ ဩဂုတ်လ ၃၁ ရက်တွင် ပုဇွန်တောင်မြို့နယ်တရားရုံး၌ ဖြောင့်ချက်နှင့် ရမန်ယူကာ အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါခိုက်ရန်ဖြစ်ပွားမှုဖြစ်စဉ်မှာ ဩဂုတ်လ ၂၈ ရက်ညနေပိုင်းတွင် ရေကျော် City Mart အမျိုးသမီးသန့်စင်ခန်းအတွင်း သံသယရှိသူ မနှင်းဝတ်ရည်သည် လက်ကိုင်ဖုန်းကျန်ခဲ့၍ ပြန်လည်ယူရာတွင် သန့်စင်ခန်းအတွင်းရှိ နစ်နာသူအမျိုးသမီးကြီးတစ်ဦးနှင့် စကားများရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး သံသယရှိသူမှ အဆိုပါအမျိုးသမီးကြီး၏ လည်ပင်းကို မျက်မှန်ကိုင်း အကျိုးဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ် ရဲစခန်းက ပြောကြားထားပါတယ်။
ထို့အပြင် ယင်းဖြစ်စဉ်ကို လူမှုကွန်ယက်ပေါ်တွင် ဆွဲကြိုးလုသည်ဟု သတင်းများထွက်နေသော်လည်း ခိုက်ရန်ဖြစ်ပွားမှုသာဖြစ်ကြောင်း ပုဇွန်တောင် မြို့နယ်ရဲစခန်းက အတည်ပြုထားသည်။ လက်ရှိအချိန်တွင် သံသယရှိသူ မနှင်းဝတ်ရည်ကို အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ ဖြင့် ပုဇွန်တောင်မြို့နယ် ရဲစခန်းက တရားလိုလုပ်၍ တရားဆွဲဆိုထားပြီး ဩဂုတ်လ ၃၁ ရက်တွင် ပုဇွန်တောင် မြို့နယ် တရားရုံးတွင် ဖြောင့်ချက်နှင့် ရမန်ယူကာ အင်းစိန်ထောင်သို့ ပိုလိုက်ပြီဖြစ်ပြီး စက်တင်ဘာ ၁၁ ရက်ကို ရုံးချိန်းထပ်မံချိန်းဆိုလိုက်ခြင်း ဖြစ်သည်။
“ထောင်ကို တန်းပို့တာ၊ မိသားစုတွေနဲ့က မနက်ပိုင်း ရဲစခန်းမှာပေးတွေ့တယ်… ကိုဗစ်ကာလမို့ တရားရုံးက အချုပ်မှာပေးမတွေ့တာဖြစ်ပါလိမ့်မယ်.. ” ဟု မနှင်းဝတ်ရည်၏ရှေ့နေ ဦးသိန်းဇော်က ရှင်းပြသည်။ ယင်းခိုက်ရန်ဖြစ်ပွားခဲ့သည့် နေ့တွင် နစ်နာသူအမျိုးသမီးကြီးကို ထိခိုက်ဒဏ်ရာများဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အရေးပေါ်လည်ပင်း ခွဲစိတ်ခန်းဝင်ထားရပြီး ၎င်း၏သမီးဖြစ်သူမှ အဆိုပါဖြစ်စဉ်မှာ ခိုက်ရန်ဖြစ်ပွားခြင်းမဟုတ်ဘဲ ဓားထောက်ကာ ဆွဲကြိုးလုခြင်းဖြစ်ကြောင်း ဩဂုတ်လ ၂၈ ရက်နေ့က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင်တင်ထားခဲ့ပြီး အဆိုပါ ပို့စ် ကိုဝေမျှသူ ၃သောင်းကျော်ရှိကာ လူမှုကွန်ယက်ပေါ်တွင်လည်း အငြင်းပွားမှုများစွာရှိနေသည်။
J-02 / The Voice
#popolay #popolaytv #news #ရေကျော် #citymart