BEC-TERO TV

ဝါးခယ်မ ၌ ကျွန်းပြဿဒ်တံတား (သရွတ်မြိုက်) တည်ဆောက်နေမှု ရာခိုင်နှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်

01 Sep 2020     1,481 Views


ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်ရှိ လမ်းအမှတ် ( ၁၀ ) ဘိုကလေး - မော်လမြိုင်ကျွန်း - ကျုံမငေး - ဝါးခယ်မ - မြောင်းမြလမ်း မိုင်တိုင်အမှတ် (၂၂ / ၄ ) ရှိ ကျွန်းပြဿဒ်တံတား (သရွတ်မြိုက်) တည်ဆောက်နေမှုမှာ ယခုအချိန်တွင် ရာခိုင်နှုန်းပြည့်နီးပါးပြီးစီးနေပြီဖြစ်ပြီး စက်တင်ဘာလကုန်တွင် ၁၀၀ ရာခိုင်နှုန်းအပြည့် ပြီးစီးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၂) ထံမှ သိရသည်။

အဆိုပါ တံတားသည် အရှည် ၇၂၀ မီတာ၊ အကျယ်မှာ ၉ ဒသမ ၅ မီတာရှိပြီး လူသွားလမ်းအကျယ် တစ်ဖက်လျှင် တစ်မီတာစီ ပါဝင်သော နှစ်လမ်းသွား တံတားဖြစ်ကြောင်း၊ ပင်မတံတား၏ အပေါ်ထည်မှာ မီတာ ၉၀ အရှည်ရှိသည့် သံမဏိသံပေါင်ခုံး တံတား အမျိုးအစားဖြစ်ပြီး အောက်ထည်နှင့် ကြမ်းခင်းမှာ သံကူကွန်ကရစ် အမျိုးအစားဖြစ်ကြောင်း၊ ချဉ်းကပ်တံတားများအား မီတာ ၃၀ အရှည်ရှိသည့် ကြိုတင်အားဖြည့်သံကူကွန်ကရစ် ရက်မများဖြင့် တည်ဆောက်ထားကြောင်း၊ တံတားခံနိုင်ဝန်မှာ တန် ၆၀ ဖြစ် ကြောင်း သိရသည်။

ဆက်လက်ပြီး ကျွန်းပြဿဒ်တံတား အုတ်မြစ် ရေလယ်တိုင်များကို ၁ ဒသမ ၅ မီတာ နှင့် ၁ ဒသမ၂ မီတာ အချင်းရှိသည့် သံကူကွန်ကရစ် ဘိုးပိုင်များဖြင့် အသုံးပြု တည်ဆောက်ထားပြီး သံမဏိသံပေါင် မီတာ ၉၀ ရှိသော တံတားခန်းဖွင့် သုံးခန်း၊ ကြိုတင်အားဖြည့် သံကူကွန်ကရစ်ရက်မ မီတာ ၃၀ ရှိသည့် တံတားခန်းဖွင့်၁၅ ခန်း ပါရှိကြောင်း၊ ရေလမ်းကင်းလွတ် အမြင့်ပေ ၄၀ နှင့် အကျယ်ပေ ၂၄၀ ရှိကြောင်း တာဝန်ယူ တည်ဆောက်နေသည့် တည်ဆောက်ရေး အဖွဲ့ (၂) ထံမှသိရ သည်။ အလားတူ ကျွန်းပြာဿဒ်တံတားနှင့် ငါးမိုင်ကျော် ကွာဝေးသော မိုင်တိုင် (၁၇/၀)၌ စော်ကဲတံတားအား စော်ကဲမြစ်ပေါ်၌ တည်ဆောက်လျက်ရှိပြီး တံတားနှစ်စင်းလုံး တည်ဆောက်ပြီးစီးပါက မော်လမြိုင်ကျွန်းနှင့်ဘိုကလေးမြို့နယ်ရှိ ဒေသခံပြည်သူများ အနေဖြင့်လပွတ္တာမြို့အပါအဝင် ဧရာဝတီတိုင်းဒေသကြီး မြို့တော်ဖြစ်သည့် ပုသိမ်မြို့သို့ သွားရောက်ရန် မိုင် (၇၀) ခန့်၊ အချိန်အားဖြင့် နှစ်နာရီခွဲခန့် အချိန်ကုန် သက်သာစေမည်ဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းနှင့် ရေထွက်ကုန်ပစ္စည်းများ၏ ကုန်စည်စီးဆင်းမှုမှာလည်း ယခင်ကထက် ပိုမို အဆင်ပြေချောမွေ့သွားမည်ဖြစ်ကြောင်း သိရသည်။

လွှမ်းသီဟ(ပြန်/ဆက်) / MOI

#popolay #popolaytv #news #ဝါးခယ်မ


01 Sep 2020     1,481 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS