BEC-TERO TV

ရခိုင်ပြည်နယ်မှ ကုန်ပို့ပြီး ပြန်လာသော ကုန်ကားများ မင်းဘူး-အမ်း ကားလမ်း မိုင်တိုင်အမှတ် ၆ မိုင် ၃ ဖာလုံတွင် ယာဉ်တိုက်မှုဖြစ်ပွား

31 Aug 2020     1,459 Views


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ဆင်ခေါင်းကျေးရွာအနီးတွင် ရခိုင်ပြည်နယ်မှ ကုန်ပို့ပြီးပြန်လာသောကုန်ကားများ မင်းဘူး-အမ်း ကားလမ်းမိုင်တိုင်အမှတ် ၆ မိုင် ၃ ဖာလုံတွင် ဩဂုတ်လ ၃၀၊ နံနက် ၁၁ နာရီခွဲ အချိန်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း စကုမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မင်းဘူး(စကု)မြို့နယ် ဆင်ခေါင်းကျေးရွာအနီး မင်းဘူး-အမ်း ကားလမ်း မိုင်တိုင်အမှတ် ၆ မိုင် ၃ ဖာလုံတွင် ရခိုင်ပြည်နယ် အမ်းမြို့နယ်သို့ ကုန်ပစ္စည်းများပို့ဆောင်ပြီး မင်းဘူးမြို့နယ်သို့ ရှေ့ပြေး ရဲပွိုင့်ကားတစ်စီး၊ ကုန်တင်ယာဉ် ၉ စီးတို့သည် ယာဉ်တန်းဖြင့်ပြန်လာစဉ် ယာဉ်တန်းနံပါတ်(၁) ဘိုဘိုဟိန်း မောင်းနှင်သော ယာဉ်မှ ရုတ်တရက် ဘရိတ်အုပ်လိုက်သဖြင့် ယာဉ်တန်းနံပါတ်(၆) အောင်ဖြိုး မောင်းနှင်သော ယာဉ်နောက်ပိုင်းကို နောက်မှလိုက်ပါလာသော ယာဉ်တန်းနံပါတ်(၇) ဇော်မျိုးသန့်(ခ)ဇော်ကြီး မောင်းနှင်သောယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့ရာ ကားခေါင်းရှေ့ခြမ်းကြေမွပျက်စီးခဲ့ပြီး နောက်ပြန်လိမ့်ကာ နောက်မှပါလာသော ယာဉ်ရှေ့ခေါင်းအား ထပ်မံတိုက်မိမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်ကြောင့် ယာဉ်တန်းနံပါတ်(၇) မောင်းနှင်သူ ဇော်မျိုးသန့်(ခ)ဇော်ကြီးမှာ (မစိုးရိမ်ရ) ဒဏ်ရာများရရှိ၍ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကူညီ ကယ်ဆယ်ပေးခဲ့ပြီး မင်းဘူးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်ကြသော ဘိုဘိုဟိန်းနှင့် ဇော်မျိုးသန့်(ခ)ဇော်ကြီး တို့အား စကုမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်မောင်(မင်းဘူး) /MDN

#popolay #popolaytv #ယာဉ်မတော်တဆမှု


31 Aug 2020     1,459 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS