BEC-TERO TV

ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ရထားလိုင်းများကို ပုံမှန်ပြေးဆွဲပေးလျက်ရှိ

27 Aug 2020     1,430 Views


ရန်ကုန်မြို့မှ နေ့စဉ်ပြေးဆွဲနေသော ရထားခရီးစဉ်များကို ကိုဗစ်-၁၉ ကာလ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ ရန်ကုန်မြို့မှ မန္တလေး၊ မော်လမြိုင်၊ ပြည်ခရီးစဉ်များ၊ မြို့ပတ်ရထားလိုင်းများနှင့် ခေါက်တိုရထားခရီးစဉ် များကို ကိုဗစ်-၁၉ ကာလ၌ ပုံမှန်ပြေးဆွဲပေးလျက်ရှိရာ ရန်ကုန်ဘူတာကြီးတွင် လက်ဆေးကန်များ ထားရှိပြီး ဘူတာကြီးနားနေဆောင်နှင့် ဘူတာကြီးအတွင်းသို့ ဝင်ရောက်ပါက နှာခေါင်းစည်းများ တပ်ဆင်မှသာ ဝင်ရောက်ခွင့်ရှိကြောင်း သိရသည်။

“ဒီကာလမှာ ခရီးသွားတွေကို သတ်မှတ်နေရာမှာ စောင့်ဆိုင်းစေပြီး နှာခေါင်းစည်းမတပ်ရင် ရထား စီးနင်းခွင့်မရှိကြောင်းလည်း ကြေညာထားပါတယ်။ နှစ်ယောက်စီးထိုင်ခုံမှာ တစ်ယောက်ပဲ စီးနင်းခွင့်ပြု ထားပါတယ်။ ပုဂံခရီးစဉ်ကလွဲပြီး ကျန်ခရီးစဉ်တွေကို ပုံမှန်ပြေးဆွဲပေးနေပါတယ်။ ကျန်မာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း အထူးလိုက်နာဖို့ ခရီးသည်တွေကို နေ့စဉ်အသိပေးနေပါတယ်” ဟု ရန်ကုန်ဘူတာကြီး ဒုတိယရုံပိုင်ချုပ် ဦးကျော်ကျော်ထွန်း က ပြောသည်။

ယခင်က ရန်ကုန်-မန္တလေးခရီးစဉ်ကို တစ်ရက် နှစ်ကြိမ်၊ ရန်ကုန်-မော်လမြိုင် ခရီးစဉ်ကို တစ်ရက် သုံးကြိမ်၊ ရန်ကုန်-ပြည် ခရီးစဉ်ကို တစ်ရက်တစ်ကြိမ်ဖြင့် ပြေးဆွဲပေးလျက်ရှိသည့် နည်းတူ ခေါက်တို ရထားလိုင်းများနှင့် မြို့ပတ်ရထားလိုင်းများကိုလည်း ပုံမှန်ခရီးစဉ်အတိုင်း ပြေးဆွဲပေးလျက်ရှိသည်။ ယခုကာလ၌ ရန်ကုန်မြို့တွင်း သွားလာကြသော ခရီးသွားများနှင့် ရထားစီးခရီးသည်များအနေဖြင့် နှာခေါင်းစည်းတပ်ဆင်၍ သွားလာကြရန် အထူးလိုအပ်ပြီး ရထားစီးခရီးသွားများအနေဖြင့်လည်း ကျန်းမာရေး စည်းကမ်းသတ်မှတ်ချက်နှင့်အညီ လိုက်နာရန် မြန်မာ့မီးရထားမှ ဘူတာကြီး၊ နားနေ ဆောင်နှင့် ရထားပေါ်တို့တွင်အစဉ် သတိပေးလျက်ရှိသည်။

ရထားစီးခရီးသွားများနှင့် ဝန်ထမ်းများ လိုက်နာဆောင်ရွက်မှုစပ်လျဉ်း၍ ရန်ကုန်ဘူတာကြီး ဒုတိယရုံပိုင်ချုပ် ဦးကျော်ကျော်ထွန်းက “မြန်မာ့မီးရထားဝန်ထမ်းတွေကိုလည်း တိုင်းမန်နေဂျာက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အတွက် တစ်နေ့တာ တာဝန်ပြီးဆုံးတဲ့အခါမှာ မိမိနေအိမ်မှာသာ နေထိုင်ကြဖို့တွေ့ဆုံ ညွှန်ကြားထား ပါတယ်။ ခရီးသွားတွေကိုလည်း သတ်မှတ်ထားတဲ့ စည်းကမ်းများနဲ့အညီ စီးနင်းသွားလာကြဖို့ အမြဲအသိပေးနှိုးဆော်နေပါတယ်”ဟု ဖြည့်စွက်ပြောသည်။

သန်းထိုက်၊ ဓာတ်ပုံ - သန်းစိုး/MDN

#popolay #popolaytv #news #မီးရထား


27 Aug 2020     1,430 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS