BEC-TERO TV

ဘာသာပေါင်းစုံဝတ်ပြုကျောင်းများ လိုက်နာရမည့်ကျန်းမာရေးစံသတ်မှတ်ချက်ထုတ်ပြန်

17 Aug 2020     1,584 Views


ဘုန်းကြီးကျောင်း ၊ Church ၊ ဗလီနဲ့ဟိန္ဒူဝတ်ပြုကျောင်းတွေ ပြန်လည်ဖွင့်လှစ်ရာမှာ လိုက်နာရမယ့်ကျန်းမာရေးဆိုင်ရာစံသတ်မှတ်ချက်တွေကို ရန်ကုန်တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီက ဩဂုတ်(၁၅)ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။

အဲဒီကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်တွေကို COVID-19 ကာကွယ်၊ ထိန်းချုပ် ၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက အကြောင်းကြားလာတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကအတည်ပြုပါတယ်။ လိုက်နာဆောင်ရွက်ရမယ့် စံသတ်မှတ်ချက်တွေကတော့ ကြိုတင်ပြင်ဆင်ရမယ့်အချက်(၈)ချက်၊ တာဝန်ရှိသူတွေလိုက်နာရမယ့်အချက်(၁၀)ချက်နဲ့ ဝတ်ပြုဆုတောင်းသူတွေ လိုက်နာဆောင်ရွက်ရမယ့်အချက်(၅)ချက်တို့ဖြစ်ပါတယ်။

ကြိုတင်ပြင်ဆင်ရမယ့်အချက်တွေကတော့ တစ်ဦးနဲ့တစ်ဦးကြား(၆)ပေခွာပြီးဝတ်ပြုဆုတောင်းနိုင်ဖို့နေရာ သတ်မှတ်ပေးထားဖို့၊ အပူချိန်တိုင်းတာနိုင်ဖို့နဲ့ လက်ဆေးဘေစင်၊ ဆပ်ပြာနဲ့လက်သန့်ဆေးရည်တွေအလွယ်တကူ လုံလောက်စွာရရှိသုံးစွဲနိုင်ဖို့စီစဉ်ထားရှိရန် ၊ လူဦးရေ (၃၀)ဦးထက်မပိုစေဖို့နဲ့ Social distancing ကို သေချာစွာလိုက်နာဖို့စတဲ့အချက်တွေပါဝင်ပါတယ်။

တာဝန်ရှိသူတွေလိုက်နာရမယ့် အချက်တွေထဲမှာတော့ ဝတ်ပြုသူတွေကို ပါးစပ်၊ နှာခေါင်းစည်း(Mask) (ဒါမှမဟုတ်) Face Shield တွေဝတ်ဆင်ထားမှသာဝတ်ပြုခွင့်ပြုဖို့၊ ဖျားတာ၊ ချောင်းဆိုတာနဲ့ အသက်ရှူကြပ်တာ စတဲ့ကျန်းမာရေးမကောင်းသူတွေကို ဝင်ခွင့်မပြုဖို့၊ ဝတ်ပြုတဲ့အချိန်ကို တစ်ချိန်နဲ့တစ်ချိန်အတွင်း အနည်းဆုံး အချိန်တစ်နာရီခြားပြီးဆောင်ရွက်ဖို့နဲ့ ကျောင်းဝင်းတွေအတွင်း ကျန်းမာရေးဆိုင်ရာသတိပေးချက်တွေကို ဗီနိုင်းဆိုင်းဘုတ်တွေနဲ့ ချိတ်ဆွဲထားရှိဖို့စတဲ့အချက်တွေပါဝင်ပါတယ်။

ဝတ်ပြုဆုတောင်းသူတွေ လိုက်နာဆောင်ရွက်ရမယ့် အချက်တွေထဲမှာ ဝတ်ပြုဖို့အခင်းတွေကို တစ်ပါတည်းယူဆောင်လာဖို့၊ ဝတ်ပြုမယ့်သူတွေအိမ်မှာကိုယ်လက်သန့်စင်ပြီးမှလာရောက်ကြဖို့နဲ့ ဝတ်ပြုခန်းမထဲမဝင်မီလက်ကို ရေနဲ့ဆပ်ပြာ(ဒါမှမဟုတ်)အယ်ကိုဟောပါဝင်တဲ့လက်သန့် စင်ဆေးရည်နဲ့ဆေးကြောဖို့နဲ့ ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်တွေကို တိကျစွာလိုက်နာဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။ အဲဒီလိုက်နာဆောင်ရွက်ရမယ့်အချက်တွေကို ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ သာသနာရေးမှူးရုံးနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအားလုံးကို သိရှိလိုက်နာဆောင်ရွက်ဖို့ အကြောင်းကြားထားတယ်လို့သိရပါတယ်။

Credit : ဝေယံထက်ဝင်း/ONM

#popolay #popolaytv #news #ဘာသာပေါင်းစုံ


17 Aug 2020     1,584 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS