BEC-TERO TV

ထိုင်းနိုင်ငံတွင်း ကပ်ဘေးကာလ တရားမ၀င် ၀င်ရောက်သူ ၁၀,၀၀၀ ခန့်ရှိနိုင်

17 Aug 2020     1,423 Views


ထိုင်းနိုင်ငံမှာ ကပ်ရောဂါကာလ အသွားအလာတွေ ကန့်သတ်ထားချိန်မှာပဲ တရားမ၀င် လမ်းကြောင်းတွေကနေ ၀င်လာကြတဲ့ နိုင်ငံခြားသား အလုပ်သမား ၁၀,၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း ထိုင်းကုန်သွယ်ရေး လုပ်ငန်းရှင်များ ဥက္ကဋ္ဌ Mr. Phiphu Ek Sakullim က မနေ့တုန်းက ကုန်သည်များအစည်းဝေး အပြီးမှာပဲ ပြောဆိုလိုက်တာပါ။ ကပ်ရောဂါကူးစက်မှု လျော့လာချိန်မှာ ကန့်သတ်ချက်တွေ လျှော့ပေါ့လာရာက မြန်မာနိုင်ငံ အပါအ၀င် အိမ်နီးချင်း ၃ နိုင်ငံက အလုပ်သမားတွေကို တရား၀င် အလုပ်လုပ်ခွင့်ပေးဖို့ ကြေညာထားပေမယ့် တရားမ၀င် နည်းလမ်းတွေနဲ့ ထိုင်းနိုင်ငံကို ၀င်ရောက်လာနေသူတွေ အများအပြား ရှိနေဆဲဖြစ်ကြောင်းလည်း သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

ထိုင်းနိုင်ငံအခြေစိုက် AAC အလုပ်သမားကူညီရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းကလည်း တရားမ၀င် ၀င်ရောက်လာသူတွေ များလာနေတဲ့အတွက် ထိုင်းအာဏာပိုင်တွေ နယ်စပ်မှာ တင်းတင်းကျပ်ကျပ် ထိန်းချုပ်နေတယ်လို့ ပြောပါတယ်။ “ထိုင်း-မြန်မာ နယ်စပ်တလျှောက်ကနေ ထိုင်းနိုင်ငံထဲကို မြန်မာအလုပ်သမားတွေ ခိုး၀င်မှုတွေက တော်တော်ကို များလာတယ်။ ခိုး၀င်းလမ်းကြောင်းတွေ တော်တော်ကို တက်နေတယ်။ ခိုး၀င်လမ်းကြောင်းက တက်လာတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းစစ်တပ်က တင်းတင်းကျပ်ကျပ် ဖမ်းဆီးတယ်။

ကန်ချနဘူရီ လမ်းကြောင်းမှာဆို ထိုင်းနယ်ခြားကင်းလှည့်နေတဲ့ စစ်တပ်က ပစ်ခတ်ဖမ်းဆီးတယ်။ ထိခိုက်ဒဏ်ရာတော့ မရဘူး၊ ခြောက်လှန့်တာဖြစ်မှာပေါ့။ အဲဒီလောက်ဆို ခိုး၀င်အလုပ်သမားတွေ အတော် အန္တရာယ်များနေပြီ။ အလုပ်သမားတွေ တရားမ၀င်လမ်းကြောင်းကနေ ၀င်တာ ပပျောက်အောင် တရား၀င်လမ်းကြောင်းကနေပဲ ၀င်အောင် အစိုးရအနေနဲ့ ညှိနှိုင်းပြောဆိုသင့်ပြီလို့ ကျနော်တို့ ပြောချင်ပါတယ်။” မနေ့တုန်းက ထိုင်း-မြန်မာနယ်စပ် တပ်ခရိုင် Tha Song Yang မှာ မြန်မာ ၁၄ ဦးကို တရားမ၀င် တင်ဆောင်ထားတဲ့ ကားတစီးကို ထိုင်းနယ်ခြားစောင့်တပ်တွေ ဖမ်းဆီးခဲ့တာပါ။

ယာဉ်မောင်းဖြစ်သူ အသက် ၄၃ နှစ်အရွယ် ထိုင်းအမျိုးသားဟာ ထိုင်းလူကုန်ကူးတိုက်ဖျက်ရေးအဖွဲ့က အလိုရှိနေသူ လူမှောင်ခိုဂိုဏ်း၀င်တဦး ဖြစ်တယ်လို့လည်း တပ်ခရိုင်ရဲမှူး Sangkhom Tad So က အတည်ပြုခဲ့ပါတယ်။ မြန်မာနိုင်ငံဘက် နယ်စပ်ကနေ လူကုန်ကူးသူတွေ လာခေါ်ဖို့အတွက် စောင့်နေသူ ၁,၀၀၀ ခန့်ရှိနေကြောင်းကိုလည်း ဖမ်းမိတဲ့ လူပွဲစားတွေ ၀န်ခံချက်တွေအရ သိရတယ်လို့ ဆိုပါတယ်။ မနေ့တုန်းကလည်း မြန်မာနိုင်ငံ ထား၀ယ်ကနေ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ကို တရားမ၀င် ၀င်ဖို့ ကြိုးစားသူ မြန်မာအလုပ်သမား ၄၀ ကျော်ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ခြောက်လှန့်ပစ်ခတ်ခဲ့တယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။

Credit : အေးအေးမာ

#popolay #popolaytv #news #ထိုင်း


17 Aug 2020     1,423 Views




RELATED

Most Popular of International News

Most Popular of NEWS