BEC-TERO TV

Octane 92 အဆင့်ရှိ ဓာတ်ဆီများ ထုတ်လုပ်နိုင်ရန် အသေးစားရေနံချက်စက်ရုံများကို ပခုက္ကူမြို့နယ်၌ တည်ဆောက်ခွင့်ပြုထား

05 Aug 2020     1,447 Views


Octane နံပါတ် 92 အဆင့် ရှိ ဓာတ်ဆီများထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်း ၊ပခုက္ကူမြို့နယ်၊ ချောက်ကန် ကျေးရွာအုပ်စု ကွင်းအမှတ်(၃၅၈/၁၈၉၆)ရှိ မြေလွတ်မြေရိုင်းအကျယ် ဧက(၂၀ဝ)ပေါ်တွင် တင်ဒါခေါ်ယူခွင့်ပြုခဲ့သည့် Mini Refinery အသေးစားရေနံချက် စက်ရုံ(၅)ခုအား တည်ဆောက်ခွင့် ပြုထားကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

မကွေးတိုင်း ၊ မင်းလှမြို့နယ် ၊ မန်းသံပုရာကန်တွင် မြန်မာနိုင်ငံ၏အကြီးဆုံးရေနံချက်စက်ရုံတစ်ခု ရှိနေသော်လည်း ဒေသတွင်း ရေနံလက်ယက်တွင်းတိမ်များမှ ထွက်ရှိသည့် ရေနံများကို အဆင့်မီ စက်သုံးဆီ ထုတ်လုပ်ရန် တိုင်းဒေသကြီးအစိုးရက စီစဉ်ခဲ့ခြင်းဖြစ်သည်။ “ ဓာတ်ဆီဆိုင်တွေသွားရင် 92 ၊ 95 ပြောကြပါတယ်။ 92 ချက်နိုင်တဲ့စက်ရုံ မြန်မာပြည်မှာ မရှိသေးပါဘူး။ ရေနံ တွေကို လေလံတင်ရောင်းချပြီးတော့မှ ဒီဆိုင်တွေကို ရောက်သွားတယ်။ 92 ဖြစ်သွားတယ်။ အဲဒါတွေကို သိနေတဲ့အတွက် ဒီစက်မှုဇုန်ကနေ 92 တွေထွက်ပြီးတော့ တိုင်းအတွက် ပိုကောင်းမယ် စဉ်းစားပြီး စက်ရုံတွေကို တည်တာပါ။

မန်းသံပုရာကန် က ထွက်တဲ့ဓါတ်ဆီက 68 အထိပဲ ချက်နိုင်ပါသေးတယ် ”ဟု မကွေးတိုင်းအစိုးရအဖွဲ့ သဘာဝပတ်ဝန်းကျင်၊သယံဇာတ နှင့် စွမ်းအင် ဝန်ကြီး ဦးမြင့်ဇော် က ပြောသည်။ လက်ယက်တွင်းတိမ် လုပ်ကွက်များက ထွက်ရှိသည့် ရေနံများကိုဝယ်ပြီး မန်းသုံပုရာကန်၌ ချက်ရန် စီစဉ်ခဲ့သော်လည်း ပြည်ထောင်စုအဆင့် တာဝန်ရှိသူက နည်းပညာအရ မဖြစ်နိုင်ဟု ဆိုသည့်အတွက် ဒေါ်လာ ၅ သန်းအထက် တန်ဖိုးရှိ ယခု လုပ်ငန်းအား ပြည်ထောင်စုသဘောတူညီချက်ဖြင့် ခွင့်ပြု ခဲ့သည်ဟု ဝန်ကြီးဦးမြင့်ဇော်က ဆိုသည်။

“ ပထမအချက်က တွင်းတိမ်ထွက်တဲ့ ရေနံအဆင့်ကနိမ့်နေလို့ သံပုရာကန်မှာ ချက်လို့မရဘူး ။ နောက်တစ်ချက်က ပခုက္ကူမှာချက်မှာက တစ်နေ့ကို ဂါလန်သုံးထောင်ကနေ သုံးသောင်းထိ ခပ်သေးသေးပဲ ချက်နိုင်နိုင်တဲ့ Mini Refinery ဖြစ်ပါ တယ်။ သုံပုရာကန်က ဂါလန် သိန်းနဲ့ချီချက်မှ ချက်လို့ရမှာဆိုတော့ လည်နိုင်လောက်အောင် ရေနံထောက်ပံ့နိုင်တဲ့ အနေအထားလည်းမရှိဘူး ” ဟု မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။

ကုမ္ပဏီများက အချိုးကျကုန်ကျစရိတ်ကျခံ၍ စက်ရုံပတ်လမ်းများ ၊ အဝင်အထွက်လမ်းများ ၊ ရေကျော်တံတားများနှင့် လျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းများ တည်ဆောက်လျက်ရှိပြီး ကုမ္ပဏီ (၅)ခုထဲမှ Sunny Global Manufacing Co.Ltd ၏ လုပ်ငန်းမှာ လည်ပတ်နိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

Credit : ဇေယျတု(မကွေး)

#popolay #popolaytv #news #ပခုက္ကူ #မကွေး #ရေနံ


05 Aug 2020     1,447 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS