မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောရှိ ကြယ်လိပ်များကို လေ့လာနိုင်
04 Aug 2020 1,654 Views
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့ မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ကြယ်လိပ်များကို စနစ်တကျ ထိန်းသိမ်းမွေးမြူ စောင့်ရှောက်ပေးလျက်ရှိရာ ကြယ်လိပ်များ၏ သဘာဝကို လေ့လာနိုင်ကြောင်း သိရသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ ရှားပါးမျိုးစိပ်များနှင့် တောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းစောင့်ရှောက်ပေးလျက်ရှိသည်။ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ရှားပါးမျိုးစိပ် ကြယ်လိပ် ၃၀၀၀ ကျော်ကို ထိန်းသိမ်းစောင့်ရှောက်ထားရာ ယနေ့တိုင် လေ့လာနိုင်သည်။
ထိန်သိမ်းစောင့်ရှောက်ထားသော မြန်မာ့ကြယ်လိပ်များကို မင်းစုံတောင်ဘေးမဲ့တော သဘာဝတောအတွင်းသို့ ဘေးမဲ့လွှတ်ပေးခြင်းများကိုလည်း ပြုလုပ်ပေးလျက်ရှိရာ ၂၀၁၃ ခုနှစ်တွင် လိပ်ကောင်ရေ ၁၅၀၊ ၂၀၁၅ ခုနှစ်တွင် လိပ်ကောင်ရေ ၃၀၀၊ ၂၀၁၇ ခုနှစ်တွင် လိပ်ကောင်ရေ ၃၀၀ စုစုပေါင်း လိပ်ကောင်ရေ ၇၅၀ ကို လွှတ်ပေးခဲ့ပြီး ၂၀၁၈ တွင်လည်း ကြယ်လိပ်များကို ဘေးမဲ့လွှတ်ပေးခဲ့ကြောင်း သိရသည်။ လိပ်သတ္တဝါများသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်က ဒိုင်နိုဆောများထက်ဦးစွာ ပေါ်ပေါက်ခဲ့သော ရှေးကျသည့် တွားသွားသတ္တဝါဖြစ်သည်။
မြန်မာနိုင်ငံတွင် လိပ်မျိုးစိတ်ပေါင်း (၃၁)မျိုး လေ့လာတွေ့ရှိသည်။ ထိုအထဲတွင် ပင်လယ်လိပ် (၅)မျိုး၊ ရေချိုလိပ် (၂၂)မျိုး၊ ကုန်းလိပ် (၄)မျိုး ပါဝင်သည်။ ရေချိုလိပ်နှင့် ကုန်းလိပ် (၂၆)မျိုးတွင် မျိုးသုဉ်းရန် အလွန်နီးကပ်နေသော လိပ်မျိုးစိတ် (၈)မျိုးပါဝင်သည်။ ထိုလိပ်များထဲတွင် ကြယ်လိပ်လည်းပါဝင်သည်။ လက်ရှိကာလ မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ကြယ်လိပ်များကို စနစ်တကျ မွေးမြူစောင့်ရှောက်ထားပြီး ဥချိန်မှအစ စာရင်းကောက်ယူကာ ပေါက်ဖွားသည့်ခုနှစ်အလိုက် မှတ်တမ်းများပြုထားသည်။
မြန်မာ့ကြယ်လိပ် (Myanmar star tor toise) သိပ္ပံအမည် (Geochelone Platynota) သည် မြန်မာနိုင်ငံ၌သာ တွေ့ရှိရသော ဒေသရင်းမျိုးစိတ် (Ende mic Species) ပင် ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့၏ အပူပိုင်းခြောက်သွေ့သော ဒေသများတွင် နေထိုင်ကျက်စားလေ့ရှိသည်။ ဒေသအလိုက် ကြယ်လိပ်၊ ဆီချိုလိပ်၊ ပင့်ကူလိပ်၊ ပန်းလိပ်၊ ရွှေလိပ်၊ နတ်လိပ်ဟု ခေါ်ဆိုသောလိပ်များပင် ဖြစ်သည်။ ကြယ်လိပ်များသည် မှိုအသီးအရွက် အပွင့်တို့ကိုသာမက တီကောင် ခရု တို့ကိုပါ စားသောက်လေ့ရှိသည်။ အစုံစားသတ္တဝါမျိုးပင် ဖြစ်သည်။ ကြယ်လိပ်၏သဘာဝတွင် တစ်နှစ်အတွင်း တစ်ကြိမ်မှ လေးကြိမ်အထိ ဥ ဥလေ့ရှိသည်။
ကြယ်လိပ်များမှာ တောမီးလောင်ခြင်း၊ နေထိုင်ရာတောများ ဆုံးရှုံးခြင်း၊ နိုင်ငံတကာ ရောင်းဝယ်ဖောက်ကားခြင်းများကြောင့် အရည်အတွက် နည်းလာခဲ့သည်။ သို့အတွက် ကြယ်လိပ်များကို စနစ်တကျ ကာကွယ်ထိန်းသိမ်းထားခြင်း ဖြစ်သည်။ ကြယ်လိပ်များကို ထိန်းသိမ်းထားသည့် နေရာများမှာ ပုဂံလောကနန္ဒာဥယျာဉ်၊ မင်းဘူးရွှေစက်တော်နှင့် နွားထိုးကြီး မင်းစုံတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ပြင်ဦးလွင်မြို့နယ် ကျွဲနဖားကျေးရွာအနီး မြလိပ်တောင် စသည့်နေရာများတွင် ထိန်းသိမ်းထားလျက်ရှိသည်။ လက်ရှိကာလတွင် နွားထိုးကြီးဒေသရောက်သူတိုင်း မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောရှိ ကြယ်လိပ်များကို လေ့လာမှုများပြားလာကြောင်း သိရသည်။
Credit : တိမ်တမန်
#popolay #popolaytv #ဗဟုသုတ #ကြယ်လိပ် #မြင်းခြံ