ကိုဗစ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသူတွေကို ဒုတိယအကြိမ် ထောက်ပံ့ကြေးပေး
29 Jul 2020 1,527 Views
COVID-19 ကပ်ရောဂါအကြပ်အတည်း ကာလမှာ ပုံမှန်ဝင်ငွေမရှိဘဲ စားဝတ်နေရေး အခက်အခဲ တွေ့နေကြတဲ့ အခြေခံလူတန်းစားတွေကို တစ်အိမ်ထောင်ကို ငွေကျပ် နှစ်သောင်းနှုန်းနဲ့ ဒုတိယအကြိမ် ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ ပထမတကြိမ် အကူအညီအဖြစ် ရိက္ခာထောက်ပံ့ခဲ့တဲ့ အိမ်ထောင်စု ၄ သန်းလောက်အပြင် ပထမတကြိမ် စာရင်းထဲမှာ မပါခဲ့သူတွေကို ထောက်ပံ့ပေးနေတာပါ။
အခြေခံလူတန်းစားတွေ အများအပြားနေထိုင်တဲ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အနောက်ပိုင်းမှာ အိမ်ထောင်စုပေါင်း ၄၆၀၀၀ကျော်ကို ဒုတိယအကြိမ် အကူအညီပေးနေတဲ့ အခြေအနေ ကိုတော့ လှိုင်သာယာမြို့နယ် အနောက်ပိုင်းအုပ်ချုပ်ရေးမှုး ဦးနေမင်းထွန်းက ခုလိုပြောပြပါတယ်။ “ကျွန်တော်တို့ ပထမဦးဆုံး သင်္ကြန်ကာလတုန်းက ဆန်၊ဆီ၊ဆား၊ ကြက်သွန်၊ပဲ ပေါ့အဲ့ဒီ ဥစ္စာရယ်၊ နောက် အကြောင်းအမျိုးမျိုးကြောင့် ကျန်ခဲ့တဲ့သူတွေပေါ့ ပြီးခဲ့တဲ့ ဇွန်လမှာ ၁၅၀၀၀ ထောက်ပံ့တယ်။
အဲ့ဒီဥစ္စာတွေကိုပဲ နှစ်မျိုးစလုံးကို ပေါင်းပြီးတော့ ခုတစ်ခါ ထပ်မံ ဒုတိယအကြိမ်ပေါ့ နှစ်သောင်းနှုန်း လက်ဝယ်အရောက် ပေးတာပါ။ အဲ့တာကတော့ ရပ်ကွက်တွေခွဲဝေပြီးတော့ သူ့ရပ်ကွက်နဲ့သူ ခွဲဝေပြီး ပေးလိုက်တာခင်ဗျ။” ဒုတိယအကြိမ် ထောက်ပံ့မှုအစီအစဉ်တွေ စတင်နေပြီဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီခရိုင် မှာတော့ ထောက်ပံ့ငွေပေးခဲ့တဲ့ အိမ်ထောင်စု ၃၅၀၀၀ကျော် ရှိခဲ့တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ပထမတကြိမ်မှာတုန်းက ထောက်ပံ့ရိက္ခာ ၅ မျိုး ပေးခဲ့ပေမဲ့ ဒီတကြိမ်မှာတော့ ငွေသားထောက်ပံ့ပေးတဲ့အတွက် အကူအညီရတဲ့သူတွေအတွက် ပိုပြီး အဆင်ပြေနိုင်တယ်လို့လည်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။
“ကျွန်တော်တို့ အရင်တစ်ခေါက် ပေးတာက အများစုစားတဲ့ ဆန်မာပေါ့၊ ဆန်မာကို ကျွန်တော်တို့ ပေးတာကိုး။ တစ်ချို့ အခြေခံလူတန်းစားတွေကျတော့ ထမင်းကိုပဲ အဓိက စားရတာဆိုတော့ ပေါ်ဆန်းမွှေးမှ စားတာ အဲ့တာတော့ သူတို့မှာ အခက်အခဲရှိတာပေါ့။ ခုလို ငွေသားပေးတာကျတော့ အသုံးမတည့်တဲ့နေရာမရှိဘူး။ ပိုပြီးတော့ လက်တွေ့ကျတာပေါ့။” ထောက်ပံ့ကြေးငွေကိုတော့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး တွေကတဆင့် ကိုဗစ် ကပ်ရောဂါကာလမှာ သတ်မှတ်စည်းကမ်းတွေနဲ့ အညီ ပေးအပ်နေတယ် လို့လည်း ဦးတေဇာအောင်က ပြောပါတယ်။ အခြေခံလူတန်းစားတွေအတွက် အစိုးရကထောက်ပံ့နေသလို စေတနာရှင်တွေကလည်း ကူညီလှူဒါန်းတာတွေ ရှိပါတယ်။
ကပ်ရောဂါကာလမှာ ပုံမှန်ဝင်ငွေမရှိတာကြောင့် စားဝတ်နေရေး အခက်ကြုံနေကြတဲ့ ပျံကျဈေးသည်၊ အငှားယာဉ်မောင်း၊ ကျပန်းလုပ်သား၊ ရေလုပ်သား၊ အလုပ်ကြမ်းသမား၊ ခြံလုပ်သား၊ ပုဂ္ဂလိက လုပ်ငန်းတွေမှာလုပ်ကိုင်နေတဲ့ နေ့စား ဒါမှမဟုတ် ယာယီဝန်ထမ်း၊ အခြားပုံမှန် ဝင်ငွေမရှိတဲ့ အလုပ်သမားတွေနဲ့ အလုပ်လက်မဲ့ ဖြစ်နေသူတွေကို အခြေခံလူတန်းစားတွေအဖြစ် သတ်မှတ်ပြီး အစိုးရက ထောက်ပံ့နေတာပါ။ တချိန်တည်းမှာပဲ ကပ်ရောဂါနဲ့ ကြုံရချိန်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေကြရသူတွေ၊ အသက် ၂ နှစ်အောက် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနှင့် သက်ကြီးရွယ်အိုတွေကိုလည်း အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက ထောက်ပံ့ကူညီနေပါတယ်။
Credit : အိမ့်သန္တာထွန်း
#popolay #popolaytv #news #ကိုဗစ် #ဝင်ငွေ #ထောက်ပံ့ကြေး