BEC-TERO TV

တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် အခြေခံပညာ အထက်တန်းအဆင့် ကျောင်းပေါင်း ၅၆၀၀ ကျော်ရှိပြီး ပုံမှန်ဖွင့်နိုင်မည့် အထက်တန်းကျောင်း ၆၁၇ ကျောင်း ပါဝင်

21 Jul 2020     1,428 Views


တိုင်းဒေသကြီး ပြည်နယ်အားလုံးတွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်းပေါင်း ၅၆၀၀ ကျော်ရှိပြီး ပုံမှန်ဖွင့်နိုင်မည့် အထက်တန်းကျောင်း ၆၁၇ ကျောင်း ပါဝင်ကြောင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် COVID – 19 ကာကွယ် တားဆီးရေးကြိုတင်ပြင်ဆင်မှုများဆိုင်ရာ ဗဟိုအဆင့်ညှိနှိုင်းအစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက COVID – 19 ကပ်ရောဂါကာလတွင် အခြေခံပညာ အထက်တန်းအဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သင်ယူမှုမဆုံးရှုံးစေရေး၊ ထိတွေ့မှုလျော့ချခြင်း၊ လူအုပ်စု မဖြစ်ပေါ်စေရေး အဓိက စီစဉ်ထားပါကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်များအားလုံးတွင် အခြေခံပညာ အထက်တန်းအဆင့် ကျောင်းစုစုပေါင်း ၅၆၃၃ ကျောင်းရှိကြောင်း၊ ပုံမှန်ဖွင့်နိုင်မည့် အထက်တန်းကျောင်း ၆၁၇ ကျောင်း၊ တစ်ပတ်ခြား အထက်တန်းကျောင်း ၂၄၇၁ ကျောင်း၊ တစ်ပတ်ခြား နှစ်သုတ်တက် အထက်တန်းကျောင်း ၂၄၀၁ ကျောင်း၊ တစ်ပတ်ခြားနှစ်သုတ် သုံးရက်ခြားတက် အထက်တန်းကျောင်း ၁၄၄ ကျောင်း စီစဉ်ထားရှိကြောင်း၊ ဘုန်းတော်ကြီးသင် အထက်တန်းကျောင်း သုံးကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ၁၀၀၀ ရှိကြောင်းနှင့် အထက်တန်းကျောင်းသား စုစုပေါင်း ၁ ဒသမ ၂ သန်း ဝန်းကျင်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် COVID – 19 ကပ်ရောဂါကာလတွင် ကျန်းမာရေးနှင့်ညီညွတ်သော ဝန်းကျင်ဖြစ်ရန်အတွက် စုစုပေါင်း မူ၊ လယ်၊ ထက် ကျောင်းသားဦးရေနှင့် စာသင်ခန်း၊ စာသင်ခုံ၊ ဆရာဦးရေတို့အရ လည်းကောင်း၊ ကျောင်းသားတစ်ဦးလျှင် ၃၆ စတုရန်းပေအရလည်းကောင်း စာသင်ခန်းတစ်ခန်းတွင် လူဦးရေ ၂၀ အတွက်သာ ခုံစီထားသဖြင့် အများဆုံး ပုံမှန်ဖွင့်သောကျောင်းများ၊ တစ်ပတ်ခြားကျောင်းများ၊ တစ်ပတ်ခြား နှစ်သုတ်တက်ကျောင်းများ၊ တစ်ပတ်ခြား နှစ်သုတ်သုံးရက်တက်ကျောင်းများ စီစဉ်ထားရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ ထို့ပြင် မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ ဆရာဆရာမများအားလုံး ၄၀၀၄၄၄ ဦးရှိ၍ သင်ရိုးသစ် သင်ကြားသင်ယူမှုနည်းလမ်း သင်တန်းများတွင် အွန်လိုင်းသင်တန်း၊ ကာလတို အရည်အသွေးမြှင့် မွမ်းမံသင်တန်းများ တက်ရောက်ခဲ့ကြပြီး ကျန်းမာရေး အသိပညာပေးသင်တန်းများကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ဇူလိုင်လအတွင်း ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် (က) ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ၊ ဝန်ထမ်းများ သင်ယူမှုမဆုံးရှုံးစေရေး အလေးထားကာကွယ်ရန်၊ ကျန်းမာရေးနှင့် ညီညွတ်၍ လုံခြုံဘေးကင်းရန်အတွက် စီမံဖြေရှင်း ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်၊ (ခ) ကျောင်းသား၊ ဆရာတစ်ဦးနှင့်တစ်ဦး အနည်းဆုံး ခြောက်ပေကွာခြား၍ သင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်ရေး၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက လုံခြုံဘေးကင်းရေး၊ ကျောင်းထွက်မှု အနည်းဆုံးဖြစ်ရေး၊ သင်ယူတတ်မြောက်မှု ပြန်လည်ကောင်းမွန်လာရေးတို့ကို စဉ်ဆက်မပြတ်အဆင့်ဆင့် စီမံကြီးကြပ် ဆောင်ရွက်သွားရန်၊ (ဂ) ပညာရေးစနစ် ယခင်ထက် အားကောင်းလာ၍ ပိုမိုမျှတစွာ ကောင်းမွန်လာရေး ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများကို အရှိန်အဟုန်မြှင့်တင်၍ အရည်အသွေး ပိုမိုကောင်းမွန်လာစေရေး ဆောင်ရွက်ရန်တို့ကို ဦးစားပေးဆောင်ရွက်သွားဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားထားသည်။ အခြေခံပညာကျောင်းများအပြင် ၂၀၂၀ -၂၀၂၁ ပညာသင်နှစ်အတွက် ဖွင့်လှစ်ခွင့် ရရှိသော ကိုယ်ပိုင်ကျောင်း ၁၂၆၅ ကျောင်းရှိပြီး Social Distancing မူဖြင့် ဖွင့်လှစ်ရန် ညွှန်ကြားထားသည်ဟုလည်း သိရသည်။

ယခုနှစ်အတွက် ပညာရေးမှူးရုံးများ၏ ထောက်ခံချက်ဖြင့် ဖွင့်လှစ်ခွင့်ရရှိရန် တင်ပြလာသော ကိုယ်ပိုင်ကျောင်း အသစ်၊ သက်တမ်းတိုး၊ သက်တမ်းကျန် ကျောင်းပေါင်း ၁၂၆၅ ကျောင်းကို ဖွင့်လှစ်ခွင့်ပြုထားပြီး ခွင့်ပြုချက်ရရှိသော ကိုယ်ပိုင်ကျောင်းများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID – 19 ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရေးနှင့်ပတ်သက်၍ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ရန် အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။

Credit : အိသဥ္ဇာကျော်

#POPOLAY #POPOLAYTV #NEWS #အခြေခံပညာ #အထက်တန်း


21 Jul 2020     1,428 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS