ပစ္စည်းလုယက်၊သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် စစ်သည်နှစ်ဦးကို ဖမ်းဆီးထားကြောင်း တပ်မတော်ထုတ်ပြန်
21 Jul 2020 1,368 Views
နေပြည်တော်၊ ဇူလိုင် ၂၁ရက်
ပစ္စည်းလုယက်၊သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် စစ်သည်နှစ်ဦးကို ဖမ်းဆီးထားကြောင်း တပ်မတော်ကသတင်းထုတ်ပြန်သည်။ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာမှ အမျိုးသမီး ၁ ဦးအား တပ်မတော်သားနှစ်ဦးက ပစ္စည်းလုယက်ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟုသိရသည်။
ဖြစ်စဉ်မှာ ပိုလိုထကျေးရွာနှင့် ၎င်းနယ်မြေတဝိုက်ရှိတပ်စခန်းတစ်ခုမှ တပ်သားအဆင့်ရှိ သန်းစိုးလွင်နှင့် ဟိန်းမင်းထက်တို့ ၂ ဦးသည် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၆ ရက်နံနက်အစောပိုင်းတွင် စခန်းမှခွင့်ပြုချက်မရဘဲ လက်နက်ငယ် ၂ လက်နှင့်အတူ ပိုလိုထကျေးရွာသို့ ရောက်ရှိပြီး ရွာသား ၃ ဦးနှင့်အတူ ရွာတွင်းရှိအရက်ပုန်းဆိုင်၌ အရက်အတူသောက်ခဲ့ကြကြောင်း၊ အရက်သောက်ပြီးနောက် ရွာသားများနှင့် လမ်းခွဲကာရွာမှ စခန်းသို့ပြန်လာစဉ် အမူးလွန်သည့် စစ်သည် ၂ ဦးအနက် တပ်သားသန်းစိုးလွင်မှ အရက်ဆိုင်ရှင် အမျိုးသမီးဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးအား မတော်မတရားရယူရန် ရည်ရွယ်ချက်ဖြင့် ရွာတွင်းအရက်ဆိုင်သို့ နေ့လယ်ပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့ပြီး ဆွဲကြိုးအားလုယက်၍ ဆိုင်ရှင်အမျိုးသမီးနှင့် ရုန်းရင်း ဆန်ခတ်ဖြစ်ကာ ၎င်းကိုင်ဆောင်သောသေနတ်မှ ကျည်ပေါက်ထွက်ပြီးနောက် ဆိုင်ရှင်အမျိုးသမီး၏ ဦးခေါင်းနောက်ပိုင်းနှင့် နောက်ကျောနေရာအား ကျည်ထိမှန်လျက် နေရာတွင်ပင် လဲကျသေဆုံးခဲ့ကြောင်း၊ ယင်းနောက် အဆိုပါစစ်သည် ၂ ဦးမှာကြောက်လန့်၍ ရွာနှင့်စခန်းကြားတောတွင်းသို့ ထွက်ပြေးပုန်းရှောင်ရာမှ ဇူလိုင်လ ၁၇ ရက်တွင် စခန်းရှိရာသို့ ပြန်လည်အဖမ်းခံခဲ့ကြောင်း ပဏာမစုံစမ်းတွေ့ရှိချက်ကို တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် တရားခံစစ်သည် ၂ ဦးအား ဘီးလင်းတပ်နယ်စစ်ဘက်အချုပ်၌ ချုပ်နှောင်ထားရှိပြီး စစ်စည်းကမ်းအရဥပဒေနှင့်အညီ ထိရောက်စွာအရေးယူရန်အတွက် ပွင့်လင်းမြင်သာစွာ အမြန်ဆုံး စစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်တရားခံစစ်သည် ၂ ဦးထွက်ပြေး၊ ပျောက်ဆုံးနေခြင်းနှင့် မှုခင်းဖြစ်စဉ်အားသက်ဆိုင်ရာအထက်ဌာနများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းမပို့ခဲ့သည့် စခန်းမှတာဝန်ရှိသူများကိုလည်း စစ်တရားရုံး၏ စစ်ဆေးတွေ့ရှိချက်အတိုင်း စစ်စည်းကမ်းအရ ထိရောက်စွာ အရေးယူသွားမည်ဟုပါတပ်မတော်ကပြောဆိုထားသည်။
Credit
#popolay #popolaytv #news #ဖာပွန် #တပ်မတော်