BEC-TERO TV

ရန်ကုန်မြို့ ရေဖူလုံရေးစီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ဒေါ်လာ သန်း ၁၈၀ ချေးဖို့ စီမံကိန်းဝန်ကြီး တင်ပြ

17 Jul 2020     1,551 Views


ရန်ကုန်မြို့ ရေဖူလုံရေးစီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ် ADB ကနေ၊ အမေရိကန်ဒေါ်လာ သန်း ၁၈၀ ချေးယူဖို့ ကိစ္စနဲ့ပတ်သက်ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ဇူလိုင်လ ၁၆ ရက်တွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တင်ပြလိုက်ပါတယ်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ငမိုးရိပ်ဆည်က ရေကို မြေသားရေကော်တူးမြှောင်းနဲ့ ရယူနေတဲ့အစား၊ ရေပိုက်လိုင်းနဲ့ အစားထိုးဆောင်ရွက်ဖို့အတွက် အာရှဖွံ့ဖြိုးရေးဘဏ်ကနေ ချေးယူသွားမှာဖြစ်တယ်လို့ ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။

ဒီစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်မှာ၊ အခု ၂၀၂၀ ဒီဇင်ဘာကနေ ၂၀၂၅ ဒီဇင်ဘာအထိ၊ ၅ နှစ်ကြာဆောင်ရွက်မှာဖြစ်ပါတယ်။ ချေးငွေသက်တမ်းက ၃၂ နှစ်ဖြစ်ပြီး၊ ဆိုင်းငံ့ကာလ ရှစ်နှစ်အတွက် အတိုးနှုန်း တစ်နှစ်ကို ၁ ရာခိုင်နှုန်းနဲ့၊ ပြန်ဆပ်ကာလ ၂၄ နှစ်အတွက်ကိုတော့ ၁.၅ ရာခိုင်နှုန်းပေးရမှာ ဖြစ်ပါတယ်။

ဒီချေးငွေကိစ္စနဲ့ပတ်သက်ပြီး လာမယ့် ဇူလိုင် ၂၂ ရက် နေ့မှာ အသေးစိတ် ဆွေးနွေးဖို့စီစဉ်ထားတာကြောင့်၊ ဆွေးနွေးမယ့် ကိုယ်စားလှယ်တွေရှိရင် ဇူလိုင်၂၁ ရက်နေ့ နောက်ဆုံးထားပြီး၊ စာရင်းပေးရမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်ကနေ စည်ပင်နယ်နိမိတ်အတွင်းရှိ မြို့နယ်တွေကို၊ လှော်ကားကန်၊ ဖူးကြီးကန်၊ ဂျိုးဖြူကန်၊ ငမိုးရိပ်ဆည်၊ အဝီစိတွင်း စတဲ့ ရေအရင်းအမြစ်တွေကနေ နေ့စဉ် ရေဂါလံ ၂၀၅ သန်းခန့် ရေပေးဝေနေတာဖြစ်ပါတယ်။

Credit

#popolay #popolaytv #news #Yangon #ရန်ကုန်မြို့ #ရေဖူလုံရေး #စီမံကိန်း


17 Jul 2020     1,551 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS