တီကျစ်တွင် လက်ပစ်ဗုံးပေါက်ကွဲ၍ ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး အရပ်သားတစ်ဦး ဒဏ်ရာရ
16 Jul 2020 1,430 Views
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်မြို့တွင် ဇူလိုင်လ ၁၅ ရက်၊ ည ၉ နာရီခန့်က လက်ပစ်ဗုံး ပေါက်ကွဲ၍ ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး အရပ်သားတစ်ဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်အတွင်း ရှမ်းရိုးမ (၃) အထူးစစ်ဆင်ရေး၌ တာဝန်ထမ်းဆောင်နေသော ကလောမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံး၊ အောင်ပန်းနယ်မြေ ရဲစခန်းမှ ရဲတပ်သား ၂ ဦးသည် ဇူလိုင်လ ၁၅ ရက်၊ ည ၉ နာရီအချိန်ခန့်က တီကျစ် နယ်မြေရဲစခန်းအရှေ့ရှိ ဆံသဆိုင်တွင် ရှိနေစဉ် အမျိုးအစား စိစစ်ဆဲ လက်ပစ်ဗုံး စနက်တံပြုတ်၍ ပေါက်ကွဲပြီး အခင်းဖြစ် နေရာ၌ သေဆုံးခဲ့ပြီး ဆံသဆိုင်ရှိ အရပ်သား တစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာ စိုးရိမ်ရ ရရှိခဲ့ကြောင်း တီကျစ်နယ်မြေရဲစခန်းမှ သိရသည်။
“ပေါက်ကွဲတာက ဟုတ်ပါတယ်။ လောလောဆယ်မှာတော့ ဒီဗုံးက ဘယ်ကဗုံးလဲ၊ ဘာအမျိုးအစားလဲ ဆိုတာ စုံစမ်းဆဲပါ။ သေဆုံးတာက ၂ ယောက်၊ ဒဏ်ရာရတာက ၁ ယောက်ပါ” ဟု တီကျစ်နယ်မြေရဲစခန်းမှူးက ပြောသည်။ အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့စခန်းမှ စိစစ်ဆောင်ရွက်ဆဲဖြစ်ပြီး အသေးစိတ် အချက်အလက်များကို ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
Credit : KBZTai
#popolay #popolaytv #news #ရှမ်းပြည်နယ် #တီကျစ်မြို့ #ဗုံးပေါက်ကွဲ