ဘိုကလေးတွင် အသက် ၉ နှစ်အရွယ် ကလေး ၁ ဦး မိကျောင်းဆွဲခံရ
30 Jun 2020 1,461 Views
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ဂရမ်းကျေးရွာ အုပ်စု၊ ရွာသစ်ကျေးရွာ ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းက အသက် ၉ နှစ်အရွယ် ကလေး ၁ ဦး မိကျောင်းဆွဲခံရကြောင်း သတင်းရရှိသည်။ အသက် ၉ နှစ်အရွယ်ရှိ မယမင်းသူသည် အဘွားဖြစ်သူနှင့်အတူ နေအိမ်နှင့် ၉ ပေအကွာ ရေမြောင်း အတွင်း ရေချိုးနေစဉ် အလျား ၁၀ တောင်ခန့်ရှိ အဝါရောင်မိကျောင်းမှာ ကလေးအား ကိုက်ဆွဲခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
မိကျောင်းအဆွဲခံရစဉ် အဖွားဖြစ်သူမှ ကလေးအားဆွဲပြီး အော်ဟစ်အကူညီတောင်းခံခဲ့ရာ ကလေး၏ ဖခင် နှင့် အဘိုးဖြစ်သူတို့ လာရောက်ကူဆွဲခဲ့သဖြင့် မိကျောင်းမှာ ကလေးကိုလွှတ်ပြီး ပြန်ဆင်းသွားခဲ့သော်လည်း မိကျောင်းဆွဲခံရမှုကြောင့် ကလေးတွင် ဘယ်လက်ဖျံရိုးကျိုး ပြတ်ရှဒဏ်ရာများရရှိ၍ ဘိုကလေးဆေးရုံသို့ပို့ဆောင်ထားရကြောင်း မိသားစုဝင်များထံမှ သိရသည်။
"ကျွန်တော်တို့ ရွာမှာဒါပထမဆုံး မိကျောင်းအဆွဲခံရတာပါ တစ်ခါမှလဲမကြုံဖူးတော့ အတတ်နိုင်ဆုံးဆေးရုံရောက်အောင်အမြန် အကူအညီပေးဆောင်ရွက်လိုက်ရပါတယ် ဒဏ်ရာကအကြီးကြီး၊ အရိုးလဲကျိုးသွားတော့ခွဲစိတ်ခန်းထပ်ဝင်ရမယ်လို့သိရပါတယ်"ဟု ကျေးရွာအုပ်ချူပ်ရေးမှူး ဦးသိန်းဝင်းက ပြောသည်။ ယခုရာသီမှာ မိကျောင်းများ အသိုက်ကိုက်သည့်ရာသီဖြစ်ပြီး မတ်လကုန်မှစတင်ကာ မိကျောင်းအန္တရာယ်သတိပေး လက်ကမ်းကြော်ငြာဝေငှခြင်း ရွာတွင်းလှည့်ကြော်ငြာခြင်းများကို နှစ်စဉ်ဆောင်ရွက်လျက်ရှိပြီး ဂရမ်းကျေးရွာအုပ်စု၊ရွာသစ်ကျေးရွာတွင် မိကျောင်းအန္တရာယ်သတိပေးဆိုင်းဘုတ်စိုက်ထူထားပေးကြောင်း သူကဆက်ပြောပါသည်။
ဘိုကလေးမြို့နယ်၌ ၂၀၂၀ ခုနှစ်တွင် မိကျောင်းအကိုက်ခံရမူမှာ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်အောင်ထံမှသိရသည်။ မိကျောင်းအဆွဲခံရ၍ ဆေးရုံတက်ရောက်ဆေးကုသနေရသည့် အသက် ၉ နှစ်အရွယ် မယမင်းသူအတွက် သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမူးဦးသန့်ဇင်အောင်နှင့် ဝန်ထမ်းများမှထောက်ပံ့ငွေများ အားဆေးရုံသို့သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
Credit : ကျော်လင်း (ဘိုကလေး)
#popolay #popolaytv #news