BEC-TERO TV

မန္တလေး - နောင်ချို - လားရှိုး - မူဆယ်ကားလမ်းပေါ်ရှိ ဂုတ်တွင်းတံတားသစ် မကြာမီ ဖွင့်လှစ်နိုင်တော့မည်

26 Jun 2020     1,461 Views


နယ်စပ်ကုန်စည်စီးဆင်းမှုအတွက် အဓိကအရေးပါသည့် မန္တလေး-နောင်ချို-လားရှိုး-မူဆယ် ကားလမ်းပေါ်ရှိ နှစ်လမ်းသွား ဂုတ်တွင်းတံတားသစ် တည်ဆောက်မှု ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်၍ မကြာမီဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား ဦးစီးဌာန အင်ဂျင်နီယာချုပ်က ပြောသည်။ “အရင်တံတားဟောင်းကမိုင်းခွဲဖျက်ဆီးခံခဲ့ရတဲ့အတွက်ဒီတံတားအသစ်ကိုတည်ဆောက်တာဖြစ်ပါတယ်။ ဖျက်ဆီးခံလိုက်ရတဲ့တံတားကို ၂၀၀၇ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ တာပါ။

အဲဒီတံတားကို ၂၀၁၉ ခုနှစ် ဩဂုတ် ၁၅ ရက်မှာ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက မိုင်းခွဲဖျက်ဆီး လိုက်တာပါ။ ဖျက်ဆီးခံရပြီး ခြောက် ရက်အတွင်းမှာပဲ ကားတွေဖြတ်သန်း သွားလာလို့ရအောင် ဘေလီတံတား တစ်စင်းကို ယာယီအနေနဲ့ ဆောင်ရွက် ပေးခဲ့ပါတယ်။ အဲဒီတံတားက ဘေလီ တံတားဖြစ်တဲ့အတွက် ယာဉ် တစ်စီးချင်းပဲ ဖြတ်သန်းသွားလို့ရတယ်။

ဒါကြောင့် မန္တလေးဘက်က လာတဲ့ကားတွေ ဖြတ်သန်းချိန်မှာ မူဆယ်ဘက်ကလာတဲ့ ကားတွေက ရပ်စောင့်ရတဲ့အတွက် ခရီးသွားလာမှုနဲ့ ကုန်စည်ကူးသန်းမှုတွေမှာ ကြန့်ကြာမှုတွေ ရှိပါတယ်။ ယခုတည်ဆောက်ပြီးစီးတော့မည့် ဂုတ်တွင်းတံတားသစ်သည် အရှည်ပေ ၂၁၀၊ ယာဉ်သွားလမ်း အကျယ်ပေ ၃၀၊ တံတားအမျိုးအစားမှာ အပေါ်ထည် Steel Plate Girder ၊ သံကူ ကွန်ကရစ် ကြမ်းခင်းဖြစ်ပြီး တံတားအောက်ထည်မှာ သံကူကွန်ကရစ်တိုင် ကိုယ်ထည်ဖြစ်ကာ ယာဉ်တစ်စီးချင်း ခံနိုင်ဝန်မှာ ၇၅ တန် ဖြစ်ကြောင်းနှင့် ငွေကျပ် ၈၇၄ သန်း အကုန်အကျခံ တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

ဂုတ်တွင်းတံတားသည် ရှမ်း ပြည်နယ်(မြောက်ပိုင်း) နောင်ချို မြို့နယ် မန္တလေး - နောင်ချို- လားရှိုး- မူဆယ် ကားလမ်းမိုင်တိုင်အမှတ်(၈၄) တွင် တည်ရှိပြီး အဆိုပါတံတားသည် မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်စည် စီးဆင်းမှုအတွက် အဓိကနယ်စပ် ကုန်သွယ်လမ်းမကြီးပေါ်ရှိ အဓိက အရေးပါသည့် တံတားတစ်စင်းဖြစ်ကာ နေ့စဉ် မော်တော်ယာဉ် အကြီး၊ အသေး အစီးရေ ၇၀၀၀ မှ ၁၀၀၀၀ ကြား ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။

Source from ပြန်/ဆက်

#popolay #popolaytv #news


26 Jun 2020     1,461 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS