BEC-TERO TV

ပြင်သစ် Carrefour အုပ်စု မြန်မာ၌ ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်

26 Jun 2020     1,485 Views


ပြင်သစ်နိုင်ငံ အခြေစိုက် ကမ္ဘာ့ထိပ်တန်း လက်လီလက်ကား ကုမ္ပဏီတခု ဖြစ်သည့် Carrefour သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရသည်။

Carrefour ကုမ္ပဏီသည် ပြည်တွင်း၌ MAXI Cash & Carry လက်ကားလုပ်ငန်း (စူပါမားကတ်) နှင့် Easy Convenience စတိုများကို လုပ်ကိုင်သွားရန် ပြင်ဆင်လျက် ရှိကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

MAXI လက်ကားလုပ်ငန်းသည် နေ့စဉ် လူနေမှုဘဝအတွက် လိုအပ်သော အခြေခံ စားသောက်ကုန်များနှင့် လူသုံးကုန် ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် လက်ကား ရောင်းချသွားမည် ဖြစ်သလို Easy စတိုးများတွင် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုအသစ်များနှင့်အတူ စားသုံးသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် ကုန်မျိုးစုံဆိုင် ပုံစံဖြင့် ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် Carrefour အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ပြင်ဆင်နေဆဲဖြစ်ပြီး ဝန်ကြီးဌာနက လုပ်ငန်းလုပ်ကိုင်ခွင့် ချထားပေးခြင်း မရှိသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

 “လက်လီလက်ကား လုပ်ငန်းကဏ္ဍမှာ နိုင်ငံခြားသား ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုဆိုရင် လက်ကား လုပ်ငန်းပဲ ခွင့်ပြု ပေးသွားမှာပါ။ Convenience စတိုးတွေ ဖွင့်ဖို့ ခွင့်ပြုသွားဖို့ မရှိသေးဘူး ” ဟု ဆိုသည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မေလတွင် လက်လီလက်ကား လုပ်ငန်းများကို ရာခိုင်နှုန်းပြည့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု အပါအဝင် ပြည်တွင်းကုမ္ပဏီနှင့် နိုင်ငံခြားကုမ္ပဏီ ပေါင်းစပ်ထားသည့် ဖက်စပ်ကုမ္ပဏီများ စတင်ခွင့်ပြုပေး ခဲ့သည့် နောက်ပိုင်းတွင် ယင်းသို့ ကုမ္ပဏီများ ဝင်ရောက်လာခြင်းဖြစ်သည်။

ပြည်တွင်း လက်လီလက်ကား လုပ်ငန်းကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးရခြင်းသည် စားသုံးသူများအတွက် ရွေးချယ်စရာပိုမို များပြားစေလာရေး နှင့် လက်လီလက်ကားလုပ်ငန်းနှင့် ဆက်စပ်နေသော အသေးစား၊ အလတ်စား စီးပွား ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေး ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောသည်။

လက်ရှိအချိန်တွင် စူပါမားကတ်လုပ်ငန်း လုပ်ကိုင်ရန် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် မက်ခရို ကုမ္ပဏီ (Makro) နှင့် ဂျာမနီကုမ္ပဏီ METRO၊ ထိုင်း-မြန်မာဖက်စပ်ကုမ္ပဏီ Pro 1 Global၊ ဂျပန်-မြန်မာ Aeon Orange တို့ကို ခွင့်ပြုပေးထားကြောင်း စီးပွား/ကူးသန်းက သိရသည်။

အမေရိကန် အခြေစိုက် 7 Eleven ကုမ္ပဏီအပါအဝင် Convenience စတိုးလုပ်ငန်း လုပ်ကိုင်ရန် ကုမ္ပဏီများ လာရောက် စုံစမ်းမှုများ ရှိသော်လည်း ပြည်တွင်းလုပ်ငန်းများ ကာကွယ်ပေးရန်အတွက် ယင်းသို့ လုပ်ငန်းများကို နိုင်ငံခြားကုမ္ပဏီများ ကို ဖွင့်လှစ်ခွင့် မပြုသေးကြောင်းလည်း စီးပွား/ကူးသန်း တာဝန်ရှိသူက ဆိုသည်။

Carrefour ကုမ္ပဏီသည် ကမ္ဘာ့နိုင်ငံ အနှံ့အပြားတွင် လက်လီလက်ကား ဈေးဝယ်စင်တာကြီးများနှင့် Convenience စတိုး ဆိုင်ခွဲပေါင်း ၁၀၀၀၀ ကျော် အထိ ဖွင့်လှစ်ထားသည့် ပြင်သစ်အခြေစိုက် ကုမ္ပဏီ တခု ဖြစ်သည်။

မြန်မာနိုင်ငံ လက်လီ ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးသူရိန်ငြိမ်းက “သူ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ အတိုင်း စနစ်တကျ ဝင်လာမယ်ဆိုရင် ပြည်တွင်းထုတ်ကုန် ထုတ်လုပ်သူတွေအတွက် သူတို့ဆီက တဆင့် ပြည်ပ ဈေးကွက် အထိတောင် ဖောက်နိုင်တဲ့ အခွင့်အလမ်းတွေ ရနိုင်တာပေါ့ ” ဟု ပြောသည်။

သို့သော်လည်း လက်လီလက်ကား လုပ်ငန်းကဏ္ဍသို့ ဝင်ရောက်လာသည့် နိုင်ငံခြား ကုမ္ပဏီများသည် ပြည်ပက ထုတ်ကုန် များကိုသာ တင်သွင်းလာပြီး ပြည်တွင်းတွင် လာရောက် ရောင်းချခြင်းများသာ ပြုလုပ်ပါက လက်လီ လုပ်ငန်းအသေးများ အပေါ်ကို သက်ရောက်မှု ရှိလာနိုင်မည် ဖြစ်ကြောင်း ဆိုသည်။

နိုင်ငံခြားသား ကုမ္ပဏီများ၊ ဖက်စပ် ကုမ္ပဏီများ အနေဖြင့် ပြည်တွင်း၌ လက်လီ၊ လက်ကား အရောင်းဆိုင်များ ဖွင့်လှစ်ပါက အဝတ်အထည်၊ နာရီ၊ အလှကုန် ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ ပါဝင်သည့် ဦးစားပေး ကုန်ပစ္စည်း ၂၄ မျိုးကိုသာ ရောင်းချရန် ဝန်ကြီးဌာနက သတ်မှတ်ထားသည်။

လက်လီလက်ကား လုပ်ငန်း လုပ်ကိုင်ခွင့် ခွင့်ပြုချက်၌ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ၈၀ ရာခိုင်နှုန်းမှ ရာနှုန်းပြည့်ပိုင်သော လုပ်ငန်းများသည် လက်လီလုပ်ငန်း လုပ်ကိုင်ပါက မြေငှားရမ်းခ မပါဝင်ဘဲ အမေရိကန်ဒေါ်လာ ၃ သန်းနှင့်အထက် ရင်းနှီး မြှုပ်နှံရမည် ဖြစ်ကြောင်း၊ လက်ကားလုပ်ငန်း လုပ်ကိုင်ပါက အမေရိကန်ဒေါ်လာ ၅ သန်းနှင့် အထက် ရင်းနှီးမြှုပ်နှံရမည့် အပြင် စတုရန်းမီတာ ၉၀၀ အထက်ရှိသည့် စူပါမားကက် အကြီးစားများကိုသာ ဖွင့်ခွင့်ပြုမည် ဖြစ်ပြီး Convenience စတိုး ဆိုင်လေးများကို ဖွင့်လှစ် ခွင့်ပြုမည် မဟုတ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယခု ရင်းနှီးမြုပ်နှံရန် ပြင်ဆင်နေသည့် ပြင်သစ် လက်လီလက်ကား ကုမ္ပဏီ Carrefour သည် ယခင် မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံ၌ ကုန်တိုက်ကြီးပေါင်း ၄၂ ခုဖွင့်ကာ Big C ၊ Lotus ၊ Makro အစရှိသည့် ကုန်တိုက်ကြီးများနှင့် အပြိုင် ရောင်း ဝယ်ခဲ့သော် လည်း ၂၀၁၁ခုနှစ်တွင်မူ ထိုင်းနိုင်ငံမှ ထွက်ခွာခဲ့ပြီးနောက် ၎င်း၏ ပိုင်ဆိုင်မှုများကို Big C အုပ်စုက ဝယ်ယူခဲ့သည်။

အကယ်၍ မြန်မာနိုင်ငံ၌သာ Carrefour အုပ်စု ရင်းနှီးမြုပ်နှံမှု ရခဲ့လျှင် Makro၊ METRO၊ Pro 1 Globalတို့နှင့် အပြိုင် စီးပွားရေး လုပ်ငန်းတခုဖြစ်လာနိုင်သည်။

 

 


26 Jun 2020     1,485 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS