BEC-TERO TV

Covid-19 ပါအကြုံးဝင်ပြီး အသက်အာမခံပမာဏ၏ ထပ်ဆောင်းငွေ ၅၀% ပေးမည့် KBZ MS

24 Jun 2020     1,387 Views


ဂျပန်အာမခံလုပ်ငန်း MSI နှင့် ပြည်တွင်းအာမခံလုပ်ငန်း IKBZတို့ အကျိုးတူတည်ထောင်ထားသော အထွေထွေအာမခံကုမ္ပဏီ KBZ MS က လက်ရှိ ကျန်းမာရေးအာမခံထားရှိသူများနှင့် အသစ်ဝယ်ယူမည့်သူများအတွက် အခမဲ့အပို ၅၀ ရာခိုင်နှုန်း COVID-19 အကာအကွယ်ကို ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့အထိ ထပ်မံတိုးမြှင့်ပေးအပ် သွားမည်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ KBZ MS သည်  COVID-19 ကြောင့် ပြင်ပလူနာအဖြစ် ကုသခံရခြင်း၊ ဆေးရုံတက်ရခြင်း နှင့် သေဆုံးခြင်း ဖြစ်စဉ်များ အတွက် အာမခံရရှိငွေ၏ ၅၀ ရာခိုင်နှုန်းအား အပိုထပ်ဆောင်း ဝန်ဆောင်မှုပေးနေခြင်းလည်းဖြစ်ပြီး အဆိုပါအစီအစဉ်ကို ယခုနှစ် မတ်လ ၁၃ ရက်တွင် စတင်ခဲ့ကာ ဇွန်လ ၁၃ ရက်နေ့အထိ ပေးအပ်သွားရန် သတ်မှတ်ထားခဲ့သော်လည်း လက်ရှိမြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဆက်လက်ပြန့်ပွားနေဆဲဖြစ်သောကြောင့် COVID-19 အကာအကွယ်အခမဲ့ပေးအပ်ခြင်းကာလကို စက်တင်ဘာလ ၁၃ ရက်အထိ ၃လတာ ထပ်မံ တိုးမြှင့်လိုက်ခြင်းလည်း ဖြစ်သည်။ KBZ MS ၏ အာရောဂျံ ဝန်ဆောင်မှုရယူထားသူများနှင့် စတင်ဝယ်ယူသည့်သူများတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြင်ပလူနာအဖြစ် ကုသခံရခြင်း၊ ဆေးရုံတက်ရခြင်း နှင့် သေဆုံးခြင်းဖြစ်ရပ်များ ဖြစ်ပွားခဲ့ပါက အာမခံပမာဏ၏ အခမဲ့ ထပ်ဆောင်း ၅၀ ရာခိုင်နှုန်းကိုအကျိုးခံစားခွင့်ရှိမည် ဖြစ်သည်။ တုပ်ကွေးကာကွယ်ဆေး၏ ကျန်းမာရေး အကျိုးကျေးဇူးများ ကို လူသိများ လာစေရန် မြှင့်တင်ပေးမည့် ရည်ရွယ်ချက်ဖြင့် KBZ MS က မြန်မာနိုင်ငံရှိ စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်များကို ဦးတည်ချက်ထားကာ တုပ်ကွေးကာကွယ်ဆေးထိုးခြင်း အစီအစဉ်ကို အကောင်အထည် ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ ရှေ့တန်းမှလုပ်ကိုင်နေသော ဝန်ထမ်းများနှင့် ဇွန်လမှစတင်ကာ စုပေါင်းအာမခံ ရယူထားသော ကော်ပိုရိတ် လုပ်ငန်းများအတွက် တုပ်ကွေးကာကွယ်ဆေး အလုံးရေ ၃၀၀ ကို ပံ့ပိုးပေးသွားမည် ဖြစ်သည်။ ရှေ့ပြေးစီမံကိန်းကို ရန်ကုန်မြို့တွင် စတင်ဆောင်ရွက်လျက်ရှိပြီး ရလဒ်များအပေါ်မူတည်၍ ၂၀၂၀ မကုန်ခင်တွင် မြန်မာနိုင်ငံ၏ အခြားဒေသများသို့ တိုးချဲ့ဆောင်ရွက်သွားမည်လည်း ဖြစ်သည်။ “COVID-19 ကပ်ရောဂါရဲ့ အကျိုးဆက်တွေကို လက်ခံပြီး လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားနေချိန်မှာပဲ ဒီနှစ်ရဲ့ တုပ်ကွေးရာသီက တဖြည်းဖြည်းနီးလာနေပါပြီ။ ဒါကြောင့်လည်း ကျွန်တော်တို့အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် အကာအကွယ်ကာလကို ထပ်မံတိုးမြှင့်လိုက်ရုံသာမက ရာသီ တုပ်ကွေးကာကွယ်ရေးအတွက် အထိရောက်ဆုံးနည်းလမ်းဖြစ်တဲ့ တုပ်ကွေးကာကွယ်ဆေးထိုးခြင်းဖြင့် ဦးဆောင် ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု CEO of KBZ MS ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Anil Mancham က ပြောသည်။  ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် IKBZ အာမခံသည် ဂျပန်အာမခံလုပ်ငန်းကြီးဖြစ်သည့် MSI နှင့်အတူ အကျိုးတူ လုပ်ငန်းပူးပေါင်းခဲ့ပြီး KBZ MS အထွေထွေအာမခံ ဟူသည့် နာမည်အသစ်ဖြင့် စတင်ခဲ့ပါသည်။ ယခုအခါတွင် မြို့ပေါင်း ၁၉ မြို့၌ ရုံးခွဲပေါင်း ၂၂ ခု ဖွင့်လှစ်ကာ မော်တော်ယာဉ်အာမခံ မှစ၍ ပိုင်ဆိုင်မှု၊ မီးအာမခံ၊ ကုန်စည်အာမခံနှင့် ကျန်းမာရေး အာမခံအထိ အထွေထွေအာမခံလိုအပ်ချက်များကို တစ်ဦးချင်း အတွက်သာမက စုပေါင်းအတွက်ပါ ဝန်ဆောင်မှုပေးနေသည်။ Credit - mmbiztoday


24 Jun 2020     1,387 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS