ရေးမြို့နယ်တွင် မီးလောင်ကာ နေအိမ် ၁၈ လုံးဆုံးရှုံးပြီး လူဦးရေ ၁၀၀ ခန့် မီးဘေးသင့်
23 Jun 2020 1,414 Views
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ မော့ကနင်ကျေးရွာမှာ ဇွန်လ ၂၂ ရက် ညနေပိုင်းက နေအိမ် ၁၈ လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး နေအိမ် ၆ လုံး တစိတ်တပိုင်း လောင်ကျွမ်းခဲ့ပါတယ်။ မော့ကနင်ကျေးရွာအုပ်စု၊ အကွက် (၃)၊ ဗုဒ္ဓကေသီလမ်း၊ အိမ်အမှတ်(၈/၅၀)မှာရှိတဲ့ ဒေါ်သင်းမြရဲ့ သွပ်မိုးပျဉ်ထောင်နေအိမ်က စတင်လောင်ကျွမ်းခဲ့တာပါ။ မြို့နယ်မီးသတ်ဦးစီးမှူးက ”ဝါယာရှော့ကနေ စတင်လောင်ကျွမ်းခဲ့တာပါ၊ အိမ်ကတော့ ၁၈ လုံး ဆုံးရှုံးခဲ့ရပါတယ်။ သက်ဆိုင်ရာတွေနဲ့အတူ ပြန်လည်နေရာချထားမှုတွေနဲ့ လိုအပ်တာတွေ ဆောင်ရွက်ပေးနေပါတယ်” လို့ ပြောပါတယ်။ ညနေ ၃ နာရီ ၄၅ မိနစ်က စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဒေသခံတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး ညနေ ၅ နာရီခွဲခန့်အချိန် မီးညွန့်ကျိုးသွားတယ်လို့ ဆိုပါတယ်။ လူဦးရေ ၁၀၀ လောက် မီးဘေးသင့်ခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် ငွေကျပ် ၂၁၃ သိန်းကျော် ဆုံးရှုံးခဲ့ရပါတယ်။ မီးဘေးသင့်ပြည်သူတွေကို မော့ကနင်ကျေးရွာဘုန်းတော်ကြီးမှာ ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကာ နေထိုင်စားသောက်ရေး စီစဉ်ဆောင်ရွက်ထားတယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။ မီးလောင်ကျွမ်းမှုဖြစ်စဉ်နဲ့ပတ်သက်လို့ ဒေါ်သင်းမြအား လမိုင်းမြို့မရဲစခန်းက ပြစ်မှုအမှတ် (၅၃/၂၀၂၀)၊ ရာဇသတ်ကြီးပုဒ်မ (၂၈၅)နဲ့ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်နေပါတယ်။ Credit : ဝင်းနိုင်သက် #popolay #popolaytv #news