ဘီပိုးရှိသူများ အဓိက သိသင့်သည့်အချက်များ
15 Jun 2020 2,206 Views

ဘီပိုးရှိသူများ အဓိက သိသင့်သည့်အချက်များ..
၁။ ဘီပိုးရှိသည် (HBsAg positive) ဟု စတင်သိရှိလိုက်ရသူများသည် ခန္ဓာကိုယ်၏ ခုခံတိုက်ထုတ်မှုဖြင့် အလိုအလျောက် ပြန်လည်ပျောက်ကင်းသွားနိုင်ပါသေးသည်.. (အသက်အရွယ်ကြီးမှ ဘီပိုးကူးစက်မှု ဖြစ်ခဲ့လေ.. အလိုအလျောက် ပြန်လည်ပျောက်ကင်းသွားရန် အခွင့်အလမ်း ပိုများလေဖြစ်ပါသည်..)
၂။ ဘီပိုးရှိသည်ဟုသိရပြီး ၆ လအကြာတွင် ဘီပိုး ရှိ/မရှိ ပြန်လည်စစ်ဆေးရပါမည်.. ပြန်လည်စစ်ဆေး၍ ဘီပိုးရှိနေသည်(HBsAg positive) ဆက်ဖြစ်နေပါက အလိုအလျောက် ပြန်လည်ပျောက်ကင်းရန် ဖြစ်နိုင်ခြေ မရှိသလောက် ဖြစ်သွားပါပြီ..
၃။ ဘီပိုးဆက်ရှိနေသူများသည် မည်သည့်အချိန်တွင် ဘီပိုး ကူးစက်ခဲ့ပြီး အသည်းအခြေအနေ မည်မျှထိခိုက်နေသည်ကို သိရှိနိုင်ရန်အတွက်.. ဘီပိုးအခြေအနေ.. အသည်းအခြေအနေ.. အသေးစိတ် သေချာစွာ စစ်ဆေးရန် လိုအပ်ပါသည်.. (ဘီပိုးကူးစက်ခဲ့မှု ကြာရှည်စွာ ရှိနေခဲ့သူအတွက် အသည်းအား ထိခိုက်စေနိုင်မည့် အခြေအနေ ပိုရှိနေပါမည်..)
၄။ ဘီပိုးရှိသူတိုင်း ဘီပိုးအတွက် ကုသမှုခံယူရန် မလိုအပ်ပါ..
ဘီပိုးများ ထကြွနေချိန် (ဘီပိုးကောင်ရေများနေချိန်).. အသည်းအား စတင် ဒုက္ခပေးလာသည့် အချိန် (အသည်းရောင်.. အသည်းမာ..) အခြေအနေတွင် မဖြစ်မနေ စတင်ကုသရပါမည်..
(တနည်းအားဖြင့် ဘီပိုးများငြိမ်သက်နေချိန်.. အသည်းအား ဒုက္ခမပေးသည့် အခြေအနေတွင် ဘီပိုးအား ကုသရန်မလိုပါ.. ကုသမှု စတင်ပါက အကျိုးမရှိနိုင်ပါ..)
ဘီပိုးအား အသည်းမခြောက်ခင် ကုသမှု စတင်ရန် အထူးလိုအပ်ပါသည်..
၅။ ဘီပိုးရှိနေပြီး ဘီပိုးကုသရန်အတွက် အသေးစိတ် မစစ်ဆေးဘဲထားခြင်း.. တစ်ခါစစ်ဆေးပြီး ကုသရန်မလိုအပ်သေးသူများ ထပ်မံ၍ စစ်ဆေးခြင်းမပြုဘဲထားပါက အချိန်မရွေး အသည်းခြောက်.. အသည်းကင်ဆာ ဖြစ်သွားပါလိမ့်မည်..
၆။ ဘီပိုးအခြေအနေ.. အသည်းအခြေအနေ.. အသေးစိတ် စစ်ဆေးပြီးမှသာ.. ဘီပိုးအား ကုသရန်လိုအပ်မည်.. (သို့) ကုသရန် မလိုအပ်သေး.. ကုသရန် လိုအပ်မည့် အချိန်ကို ဆက်လက်စောင့်ကြည့်နေရမည်.. ဆို၍ အဖြေထုတ်နိုင်ပါလိမ့်မည်..
၇။ ဘီပိုးကုသရန် လိုအပ်မည့်အခြေအနေရှိနေပါက.. ဘီပိုးသောက်ဆေး (သို့) ထိုးဆေးဖြင့် ကုသနိုင်ပါသည်..
၈။ သောက်ဆေးနှင့် ထိုးဆေး ရွေးချယ်မှုတွင်.. ဘီပိုးအခြေအနေ.. အသည်းအခြေအနေ.. ဘီပိုးပျောက်ကင်းနိုင်မှု အခြေအနေ (တနည်းအားဖြင့် qHBsAg assay) ပေါ်တွင် မူတည်၍ ရွေးချယ်ရပါသည်..
၉။ ဘီပိုးသောက်ဆေးသည် တစ်လ နှစ်လ သောက်၍ မပျောက်ကင်းနိုင်ပါ.. နှစ်ကာလ ကြာရှည်စွာ စွဲသောက်ရပါမည်.. (အနည်းဆုံး ၁ နှစ်မှ ၃ နှစ်.. လိုအပ်ပါက ထပ်မံသောက်နေရမည်ဖြစ်ပြီး အသည်းခြောက်နေသူဖြစ်ပါက တစ်သက်သာ ဆေးသောက်နေရပါမည်..)
၁၀။ ဘီပိုးသောက်ဆေးသောက်နေပါက..
- အသည်းရောင်နေမှု လျော့နည်းကာ ပုံမှန်အတိုင်း ထိန်းထားနိုင်ပါမည်..
- ဘီပိုးပွားနေမှု မရှိနိုင်အောင် လုပ်ဆောင်ပေးထားနိုင်ပါမည်..
- ဘီပိုးကောင်ရေ မရှိတော့သည်အထိ ကျဆင်းအောင် ပြုလုပ်ပေးထားနိုင်ပါမည်..
- သို့သော် ဘီပိုးကို အရှင်းပျောက်အောင် မစွမ်းဆောင်နိုင်ပါ..
- ဘီပိုးသောက်ဆေးက ဘီပိုးကို အရှင်းပျောက်အောင် မစွမ်းဆောင်နိုင်သည့် အဓိကအချက်မှာ အသည်းတွင်း ဘီပိုးပွားများမှု ဖြစ်စဉ်မှ အသည်း ဆဲလ်များအတွင်း ခိုအောင်းကာ ကျန်ရစ်နေသည့် ccc DNA (တနည်းအားဖြင့် qHBsAg) ကိုအရှင်းပြတ်အောင် မတိုက်ထုတ်နိုင်သည့်အတွက် ဖြစ်ပါသည်..
၁၁။ ဘီပိုးပျောက်ကင်းနိုင်မှု အခြေအနေ (qHBsAg assay < 1500) ရှိပါက ဘီပိုးထိုးဆေး Peg Interferon ဖြင့် တစ်ပတ် တစ်ကြိမ် ၄၈ ပတ်တိတိ ထိုး၍ ခန္ဓာကိုယ် ခုခံစွမ်းအား မြင့်တင်ပေးခြင်းဖြင့် ဘီပိုးပျောက်ကင်းအောင် များစွာမျော်လင့်နိုင်ပါသည်..
၁၂။ ဘီပိုးထိုးဆေး ထိုးနေရသူများသည် ထိုးဆေးအား တုန့်ပြန်မှု အခြေအေန ကောင်းမွန်မှု ရှိ/မရှိ ဆေးထိုးပြီး ၁၂ ပတ်အကြာ.. ၂၄ ပတ်အကြာတွင် စစ်ဆေးမှု ပြန်လည် ပြုလုပ်၍ ဆေးဆက်ထိုးသင့် မထိုးသင့် ဆုံးဖြတ်ရပါမည်..
၁၃။ ဘီပိုးသည် စီပိုးထက် ပို၍ ကူးစက်မှုလွယ်ကူသလို အရှင်းပျောက် ကုသရန်မှာလည်း လွန်စွာခက်ခဲနေပါသေးသည်.. ကုသမှုအတွက်လည်း များစွာစိတ်ရှည်မှုရှိရန် အထူးလိုအပ်ပါသည်..
သို့သော် ဘီပိုး ရှိ/မရှိ စစ်ဆေး၍ မရှိပါက.. ဘီပိုးကာကွယ်ဆေး ၃ ကြိမ်ပြည့်အောင်ထိုး၍ ဘီပိုးကူးစက်ခံရမှု မရှိရလေအောင် ကာကွယ်ထားနိုင်ပါသည်..
၁၄။ ဘီပိုးကုသမှုအတွက် အသေးစိတ်စစ်ဆေးရန် အဆင်မပြေသူများ.. မိမိတွင်ဘီပိုးရှိနေကြောင်း သေချာပြီဆိုပါက.. ဘီပိုးသောက်ဆေး တစ်နေ့ တစ်လုံးသောက်နေခြင်းဖြင့် မိမိအသည်းအား.. အသည်းခြောက် အသည်းကင်ဆာ ဖြစ်သွားစေခြင်းမှ တားဆီးပေးထားနိုင်ပါလိမ့်မည်..
၁၅။ သို့သော် နေ့စဉ် တစ်နေ့တစ်လုံး မပျက်မကွက် အနည်းဆုံး ၃ နှစ်သောက်နေရပါမည်.. လိုအပ်ပါက ထပ်မံသောက်နေရပါမည်.. အသည်းအထူးကုနှင့် ပြသ၍ ဆေးရပ်ရမည့် အချိန်အား တိုင်ပင်ရပါမည်..
၁၆။ ဘီပိုးသောက်ဆေးအားသောက်လိုက် မသောက်လိုက် လုပ်၍ မရပါ.. ထိုသို့ လုပ်ပါက ဆေးမတိုးခြင်း.. ဘီပိုးကုသမှု ခက်ခဲလာစေခြင်း.. အသည်းအားပို၍ ထိခိုက်စေနိုင်ခြင်း ဖြစ်သွားစေနိုင်ပါသည်..
Dr. Min Aung Shan