BEC-TERO TV

စိုးရိမ်ရတဲ့ ကျန်းမာရေးအခြေအနေကိုရောက်ရှိနေတဲ့ ဦးမန်းဝင်း

15 Jun 2020     1,706 Views


ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်သူ ဟာသသရုပ်ဆောင် လူရွှင်တော်ဦးမန်းဝင်းဟာဆိုရင် အသက်အရွယ်ရလာတာကြောင့် ကျန်းမာရေးမကောင်းဖြစ်နေတာ အချိန်အတော်ကြာပြီဖြစ်ပါတယ်။ ဦးမန်းဝင်းဟာ ကျောက်ကပ်ရောဂါဝေဒနာကိုခံစားနေရတာဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့က ဦးနှောက်သွေးယိုစိမ့်မှုဖြစ်ခဲ့တာကြောင့် ပင်လုံဆေးရုံသို့ အရေးပေါ်ဆေးရုံတင်ခဲ့ရပါတယ်။

ဆေးရုံတက် ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပေမယ့် ဦးမန်းဝင်းရဲ့ကျန်းမာရေးဟာ ပြန်လည်ကောင်းမွန်လာခြင်းမရှိသေးတာကြောင့် ပရိသတ်တွေက သူတို့ချစ်ခင်အားပေးခဲ့ရတဲ့ ဦးမန်းဝင်း၏ကျန်းမာရေး အမြန်ဆုံးပြန်လည်သက်သာလာစေဖို့ ဝိုင်းဝန်းဆုတောင်းပေးခဲ့ကြပါတယ်။ သို့ပေမယ့် ယနေ့ချိန်ထိ သတိပြန်လည်မလာသေးတဲ့ ဦးမန်းဝင်းရဲ့ကျန်းမာရေးဟာဆိုရင် စိုးရိမ်ရတဲ့အခြေအနေဖြစ်နေပြီလို့ ဟာသလူရွှင်တော်နှင့် သရုပ်ဆောင်ဖြစ်သူ ဒိန်းဒေါင်က ပြောကြားလာခဲ့ပါတယ်။

“ကျွန်တော် ပရိသတ်တွေကို မပြောချင်ပေမယ့် ပြောရမှာပါပဲ.. လူရွှင်တော်ကြီး ဦးမန်းဝင်း နောက်ဆုံးအချိန်ကို ရောက်နေပြီ။ ကျွန်တော်တို့လူရွှင်တော်အဖွဲ့အစည်းကလည်း တတ်နိုင်သလောက်တော့ ကူညီနေပါတယ်။ ဆေးကုသစရိတ်နဲ့ ကုန်ကျငွေက အရမ်းများနေလို့ အလှူခံဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် ဦးမန်းဝင်းကိုချစ်သောသူများ၊ သနားသောသူများနဲ့ စေတနာရှိတဲ့ပုဂ္ဂိုလ်တွေက စုံးစမ်းပြီး ဦးမန်းဝင်းရဲ့နောက်ဆုံးအချိန်လေးကို တတ်နိုင်သလောက် ကူညီစေချင်ပါတယ်။ ဦးမန်းဝင်းနောက်ဆုံး အခြေအနေကိုရောက်နေပါပြီ။ အားလုံးဝိုင်းဝန်းကူညီကြဖို့ မေတ္တာရပ်ခံပါတယ်။ ကျွန်တော်တို့လည်း အစွမ်းကုန်ကြိုးစားနေကြပါတယ်”လို့ ဦးမန်းဝင်း၏ကျန်းမာရေးနှင့် ပတ်သက်ပြီး စိတ်မကောင်းစွာ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် သမီးဖြစ်သူဟေမာမန်းဝင်းကလည်း သူမရဲ့လူမှုကွန်ယက်မှာ “ဖေကြီးရယ် သမီးမှာမိဘကိုနှစ်ယောက်လုံးကိုပြုစုလုပ်ကျွေးနေတဲ့သမီးကြီးလေ… ငပေါမကြီးလို့မပြောနိုင်တော့ဘူး သမီးစိတ်တွေမဖြေနိုင်ဘူး… ဒါပေမဲ့အမေ့အတွက်အားတင်းထားပါတယ်” လို့ ဖခင်ဖြစ်သူရဲ့အခြေအနေအတွက် စိတ်မကောင်းကြီးစွာရေးသားထားတာကို တွေ့မြင်ရပါတယ်။

စိုးရိမ်ရတဲ့ကျန်းမာရေးအခြေအနေဖြစ်နေတဲ့ ဦးမန်းဝင်းအတွက် ပရိသတ်ကြီးက ဝိုင်းဝန်းပြီး ဆုတောင်းမေတ္တာများပို့သပေးကြပါဦးနော်….

(ပိုပိုလေး)


15 Jun 2020     1,706 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS