“အက်စစ်နဲ့ပက်ခဲ့တယ်ဆိုတာ လုံး၀မဟုတ်ပါဘူး၊ မိန်းကလေးရဲ့မိဘတွေကငွေညှစ်ချင်လို့ပါ”ဆိုတဲ့ မင်းရာဇာ
11 Jun 2020 1,451 Views
အိမ်မှာခေါ်ထားသည့် အိမ်အကူမိန်းကလေးငယ်အား အဓ္ဓမကျင့်မှု၊ နှိပ်စက်ညှဉ်းပန်းမှုတို့ဖြင့် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်မင်းရာဇာအပါအဝင် စုစုပေါင်း (၃) ဦးအား ဒီကနေ့ ဇွန်လ (၁၁) ရက်နေ့တွင် မြောက်ဥက္ကလာတရားရုံး၌ စတုတ္ထမြောက်ရုံးချိန်းကို ထပ်မံပြုလုပ်ခဲ့ပါတယ်။
ဒီကနေ့တွင်ပြုလုပ်တဲ့ ရုံးချိန်းမှာတော့ မင်းရာဇာက အိမ်အကူမိန်းကလေးအား အက်စစ်နှင့်ပက်ခဲ့တယ်ဆိုတာ လုံး၀မဟုတ်မှန်ကြောင်းနှင့် ထိုမိန်းကလေး၏ မိဘများမှ ငွေညှစ်ချင်တာသာဖြစ်ကြောင်း မီဒီယာတွေကနေတစ်ဆင့် ပြောကြားသွားခဲ့ပါတယ်။
“မိန်းကလေးတစ်ယောက်ယောက် သူ့ဆီသွားကြည့်ပါ သူ့မှာ အက်စစ်ဒဏ်ရာလုံး၀မရှိပါဘူး… အဓိက သူ့အမေနဲ့ သူ့ပထွေးက အဓိကပါ။ ကောင်မလေးရဲ့ အမေနဲ့ သူ့ပထွေးက ပိုက်ဆံညှစ်တာပါ။ ငွေသိန်း ၁၀၀ လည်းယူမယ်၊ ထောင်ထဲထည့်မယ်လို့ ပြောသွားတယ်။ သူအပေါ်မှာလည်း ကျွန်တော်တို့ အများကြီးကူညီပေးခဲ့တယ် ဒီလောက်ထိလုပ်လိမ့်မယ့်လို့ လုံး၀ထင်မထားခဲ့ဘူး… အခုဟာက ကျွန်တော့်မိန်းမရဲ့သံသယကြောင့် ဖြစ်သွားတဲ့အရာတစ်ခုကို အခွင့်အရေးသမားတွေရဲ့လက်ထဲရောက်သွားတဲ့အတွက် အရာအားလုံးဒုက္ခရောက်သွားတာပါပဲ… အက်စစ်နဲ့ပက်ခဲ့တာလည်း လုံး၀မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။
အိမ်အကူမိန်းကလေးအား အက်စစ်နဲ့ပက်မှုဖြင့် မင်းရာဇာနှင့် ဇနီးဖြစ်သူ၊ ယောက္ခမဖြစ်သူတို့ (၃)ဦးအား မိန်းကလေး၏မိခင်မှ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံရဲစခန်းတွင် (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။ နောက်ထပ်ရုံးချိန်းကိုတော့ ဇွန်လ ၂၅ ရက်နေ့တွင် ထပ်မံချိန်းဆိုထားကြောင်း သိရှိရပါတယ်။
(ပိုပိုလေး)
Source_CeleGabar