ဂျွန်လွင်၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ပြေလည်မှုယူလိုက်ကြပြီဖြစ်တဲ့ သံစဉ်မောင်နှင့် နေဒွေး
10 Jun 2020 1,506 Views
ဂျွန်လွင်၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ထိပ်တိုက်ဆွေးနွေးပြီး ပြေလည်မှုယူလိုက်ကြပြီဖြစ်တဲ့ သံစဉ်မောင်နှင့် နေဒွေး
•==•==•==•==•==•==•==•==•==•==•==•==•
ပရိသတ်ကြီးရေ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ အနုပညာဆယ်လီတွေရဲ့သတင်းမှာ သံစဉ်မောင်နဲ့ ချစ်သူဟောင်းဖြစ်သူ နေဒွေးတို့ကြားက ပြဿနာဂယက်ကြီးဟာလည်း အတော်လေးကြီးမားခဲ့တာကို အားလုံးသိကြမှာပါ။ သူတို့နှစ်ယောက်ဟာ ၃ နှစ်ကျော်လောက်ချစ်သူတွေဖြစ်ခဲ့ကြပြီး ကွဲကွာသွားပြီးအချိန်မှာ အတိတ်ကပတ်သက်ခဲ့ဖူးသည့် အကြောင်းအရာတစ်ချို့ကို လူမှုကွန်ယက်တွင်ရေးသားပြောဆိုကြရာမှ တစ်ယောက်နှင့်တစ်ယောက် အချင်းပွားကာ ပြဿနာတွေစတင်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
ထို့နောက် အတိတ်ကကိစ္စရပ်များပါ ပေါ်ပေါက်ခဲ့ပြီး သံစဉ်မောင်အတွက် အရှက်ရစရာကိစ္စရပ်များပါ ပါဝင်လာခဲ့ပါတယ်။ ထို့နောက် သံစဉ်မောင်မှ ချစ်သူဖြစ်ခဲ့စဉ်က နေဒွေးမှ ရိုက်နှက်နှိပ်စက်ထားသည်ဆိုသော ထိခိုက်ဒဏ်ရာရရှိထားသည့် ပုံများနှင့်တကွ အကြောင်းအရာအားလုံးကို အတိအလင်းချပြခဲ့ပြီး နေဒွေးကို အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။
သံစဉ်မောင်၏ စွပ်စွဲချက်တွေကိုတော့ နေဒွေးမှ ငြင်းဆိုခဲ့ပြီး အချက်အလက်များနှင့်တကွ မီဒီယာရှေ့တွင် ထိုကိစ္စရပ်ဟာ မမှန်ကန်ကြောင်းဖြေရှင်းခဲ့ပါတယ်။ အမှန်တရားပေါ်ပေါက်ရန်နှင့် ကိုယ်ထိလက်ရောက် ရိုက်နှက်စော်ကားခဲ့မှုတွေကြောင့် တရားစွဲဆိုထားတဲ့ သံစဉ်မောင်နှင့် နေဒွေးတို့ကြားက အမှုအခင်းပြဿနာအတွက် ဆရာတစ်ဦးဖြစ်သူ Star & Model Agency ဥက္ကဌ ဂျွန်လွင်မှ အချင်းချင်းညှိနှိုင်းကြေအေးမှု ပြလုပ်ကြရန် ကြားဝင်စေ့စပ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဆရာဖြစ်သူရဲ့ကြားဝင်စေ့စပ်ပေးမှုကြောင့် သံစဉ်မောင်နှင့် နေဒွေးတို့နှစ်ယောက်ဟာ မနေ့က ဇွန်လ (၈) ရက်နေ့မှာတော့ မီဒီယာများရှေ့မှောက်မှာ မျက်နှာချင်းဆိုင်ညှိနှိုင်းပြောဆိုမှုများ ပြုလုပ်ခဲ့ကြပါတယ်။ သံစဉ်မောင်ဘက်မှ ကိုယ့်လုပ်ရပ်ကိုယ့်အမှားကိုသိပြီး တောင်းပန်မည်ဆိုပါက ခွင့်လွှတ်ပေးမည်လို့ ပြောကြားသွားခဲ့ပြီး နေဒွေးဘက်မှလည်း နှစ်ယောက်ကြားဖြစ်ခဲ့သည့် ပြဿနာများနှင့် သူ့ရဲ့အမှားတွေအတွက် ဝန်ချတောင်းပန်ခဲ့တာကြောင့် နှစ်ယောက်ကြားပြေလည်မှုရရှိသွားပြီ ဖြစ်ပါတယ်။
သူတို့နှစ်ယောက်ကြား ဝင်ရောက်ဖျန်ဖြေပေးခဲ့သူ ဂျွန်လွင်ကတော့ “နေဒွေးဘက်ကလည်း သူလုပ်ခဲ့တာတွေကို မှားတယ်ဆိုပြီးပြောတယ်။ သံစဉ်မောင်ဘက်ကလည်း တောင်းပန်တာကိုကျေအေးတယ်ဆိုတော့ ကျွန်တော်ထင်ပါတယ် သူတို့နှစ်ဖက်က ရှေ့ဆက်ပြီးတရားစွဲဆိုတာတွေတော့ မလုပ်ဘူးလို့ထင်ပါတယ်”ဆိုကာ တရားစွဲဆိုထားမှုကို ကျေအေးလိုက်ကြရန် မျှော်လင့်ကြောင်းပြောခဲ့ပါတယ်။
(ပိုပိုလေး)