BEC-TERO TV

၂၀၂၂ မှာ အပျိုကြီးဘ၀ကို စွန့်လွှတ်တော့မယ်ဆိုတဲ့ အေးမြတ်သူ

09 Jun 2020     1,521 Views


ထင်ရှားတဲ့ပါးချိုင့်လေးတစ်ဖက်နဲ့ ပြုံးရယ်လိုက်တိုင်းဆွဲဆောင်မှုရှိသူ၊ မြန်မာဝတ်စုံလေးတွေကို အမြတ်တနိုးဝတ်စားပြီး ရင့်ကျက်တည်ငြိမ်စွာ လှပသူတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်အေးမြတ်သူကတော့ သူမကိုချစ်ခင်အားပေးသူ ပရိသတ်အခိုင်အမာနဲ့ အနုပညာလောကမှာ ထွန်းတောက်အောင်မြင်နေတဲ့ ကြယ်တစ်ပွင့်ဖြစ်ပါတယ်။

အသက် ၁၉ နှစ်ကတည်းက အနုပညာအလုပ်လောကထဲရောက်ရှိလာတဲ့ အေးမြတ်သူက မနေ့က ဇွန်လ ၈ ရက်နေ့မှာတော့ အသက် (၃၄) နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ မနေ့ကကျရောက်ခဲ့တဲ့ သူမရဲ့မွေးနေ့မှာ မိတ်ဆွေအပေါင်းအသင်းများ၊ ချစ်သူခင်သူများ၊ သူမရဲ့မိဘနှစ်ပါးနဲ့ နားလည်မှုအပြည့်အ၀ပေးတဲ့ သူမရဲ့ချစ်သူတို့ကြောင့် မမျှော်လင့်ထားတဲ့ပျော်ရွှင်မှုတွေရရှိကာ အရမ်းကိုပျော်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ဒီအသက် ၃၄နှစ်မှာ ကျမ ဒီလိုလေးကြည့်ကောင်းနေမယ်လို့ အသက်၁၆/ ၁၇နှစ်လောက်ကမျှော်လင့်ခဲ့ဘူး...
အိမ်ထောင်ကျလို့ ခလေး၂ယောက်လောက်နဲ့ မိသားစုစားဝတ်နေရေးတွေကြားထဲမှာ နစ်မွန်းနေမယ်...အရမ်းကိုရုန်းကန်နေရမယ်လို့ထင်ခဲ့မိတာ… ဒီနေ့ဒီလိုလေးပြုံးရယ်ခွင့်ရခဲ့လို့ မွေးဖွားမေးခဲ့တဲ့မိဘ...နှိမ့်တစ်ချည်/မြင့်တစ်လှည့်ကြားထဲမှာ တူတူရုန်းကန်ပေးခဲ့တဲ့ ချစ်ရတဲ့မိတ်ဆွေအရင်းကြီးတွေနဲ့ အားပေးစောင့်ရှောက်ကြတဲ့ ဒီစာကိုဖတ်နေသောချစ်ရသူတွေ… ထိုးနှက်ပြစ်တင်ရင်း အမြင့်ရောက်အောင်မြှင့်တင်ပေးခဲ့တဲ့မိတ်ဆွေတွေ.... ခုချိန်ထိ မေတ္တာမပျက် အမုန်းမရှိ ချစ်ခင်စောင့်ရှောက်ပေးတဲ့ချစ်သူဟောင်းတွေ...ခုချိန်မှာအနားမှာနွေးထွေးကြင်နာစွာနဲ့ကာကွယ်စောင့်ရှောက်ပေးတဲ့ချစ်သူ...အားလုံးအားလုံးကိုအရမ်းချစ်ရပါသည်” ဆိုပြီး ကျေးဇူးတင်စကားဆိုထားပါတယ်။

အချစ်ရေးနဲ့ပတ်သက်လို့ အေးမြတ်သူဟာ လက်ရှိအချိန်ထိ ဘ၀ကိုတစ်ယောက်ထဲဖြတ်သန်းနေတာဖြစ်ပါတယ်။ အသက်အရွယ်အရ အပျိုကြီးစာရင်းဝင်နေပြီဖြစ်တဲ့ အေးမြတ်သူက မကြာခဏဆိုသလို သူမချစ်သူရဲ့အကြောင်းတွေကို စာတွေဖွဲ့နွဲ့သီကုံးပြီး ရေးတတ်ပါသေးတယ်။ ဒါ့ကြောင့် သူမရဲ့အချစ်ရေးကိုပရိသတ်ကြီးက စိတ်ဝင်တစားရှိသလို ဘ၀ကြင်ဖော်နဲ့ဘယ်တော့များ လက်တွဲမလဲလို့ သိချင်နေကြတာလည်းဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အေးမြတ်သူက အားလုံးသိချင်နေကြတဲ့ အဖြေလေးကိုပြောပြခဲ့ပါတယ်။ အေးမြတ်သူက သူမအနေနဲ့ ၂၀၂၂ ခုနှစ် အသက် (၃၆) နှစ်အရွယ်မှာ အပျိုကြီးဘ၀ကိုစွန့်လွှတ်ကာ အိမ်ထောင်ပြုဖို့စဉ်းစားထားတယ်လို့ ဆိုပါတယ်။ ကြီးကျယ်တဲ့မင်္ဂလာပွဲမဟုတ်ပေမယ့် ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့လွှမ်းခြုံထားတဲ့ မင်္ဂလာပွဲလေးကိုကျင်းပနိုင်ရန် မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

“စကားမစပ်၂၀၂၂မှာ အသက်၃၆နှစ်မှာလက်ထပ်နိုင်ဖို့ ကျမ မျှော်လင့်ထားပါတယ်...အရမ်းကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကြီးဖြစ်ချင်မှဖြစ်မယ်...ခမ်းနားတဲ့ချစ်ခြင်းတရားတွေနဲ့မင်္ဂလာပွဲကြီးဖြစ်ချင်ပါတယ်...ချစ်ရသူတွေအားလုံး ဆုတောင်းပေးကြပါနော်” လို့ ရေးသားပြောထားပါတယ်။

(ပိုပိုလေး)

 

 


09 Jun 2020     1,521 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment