BEC-TERO TV

လူမျိုးတုံးသတ်ဖြတ်မှုမှ တရားခံပြေးကို ၂၆ နှစ်ကြာမှ ပြင်သစ်တွင်ဖမ်းမိ

18 May 2020     1,631 Views


အာဖရိကအရှေ့ပိုင်းနိုင်ငံတစ်ခုဖြစ်သည့် “ရဝမ်ဒါ” တွင် လူမျိုးတုံးသတ်ဖြတ်မှုတွင် ထွက်ပြေးလွတ်မြောက်နေသော ဝရမ်းပြေး တရားခံအား ၂၆ နှစ်ကြာပြီးနောက် မေလ ၁၆ ရက် စနေနေ့တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ဖမ်းဆီးရမိခဲ့သည်။  

အသက်(၈၄)နှစ် ရှိပြီဖြစ်သော ဝရမ်းပြေးတရားခံ “ကဘူးဂါး” က ခြေရာဖျောက်ကာ အခြားနာမည်တစ်ခုနှင့် ပဲရစ်မြို့၏ ဆင်ခြေဖုံး ရပ်ကွက် အန်ယားဆော်ဆန် ရှိ နေအိမ်တိုက်ခန်း ၅ လွှာတွင် သူ၏သားသမီးများနဲ့ နေထိုင်စဉ် ဖမ်းဆီးရမိခဲ့ကြောင်း ပြင်သစ်တရားရေးဝန်ကြီးဌါနမှ သိရသည်။

“ကဘူးဂါး” ၁၉၉၄ ခုနှစ်က ရဝမ်ဒါတွင် တွတ်တိစ်လူမျိုးများကို လူမျိုးတုံးသတ်ဖြတ်ခဲ့မှုအပါအဝင် ရာဇဝတ်မှု(၇) ခုအတွက် ကုလသမဂ္ဂခုံရုံးက အလိုရှိနေသာ တရားခံပြေးဖြစ်ပြီး အလိုအရှိဆုံး တရားခံအဖြစ် ဆုကြေးငွေ ဒေါ်လာ ၅ သန်း ထုတ်ခံထားရသူလည်းဖြစ်သည်။ ပြင်သစ်ရဲတွေက သူ့ကို စနေနေ့ နံနက်စောစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။

အဆိုပါတိုက်ခန်းတွင် နေထိုင်သူ အသက် ၇၂ နှစ်အရွယ် အဖိုးအိုတစ်ဦးက “ကဘူးဂါး” ဆိုသူမှာ နှုတ်ဆိတ်သူဖြစ်ပြီး အိမ်နီးချင်းများနဲ့ ကင်းကင်းရှင်ရှင်းနေသူဖြစ်ကာ ဒီပတ်ဝန်းကျင်မှာ နေထိုင်တာ လေးငါးနှစ်ခန့်ရှိပြီဖြစ်ပေမယ့် သူ့နာမည်ကိုတောင် မသိကြဘူးလို့ဆိုပါတယ်။

ယခုအဖြစ်ပျက်ဟာ မမျှော်လင့်ထားလောက်အောင် ထိတ်လန့်စရာကောင်းပြီး ကုလသမဂ္ဂခုံရုံးက အလိုရှိနေတဲ့ ရာဇဝင်လူဆိုးကြီးနဲ့ အိမ်နီးချင်းအဖြစ် အတူနေခဲ့ကြရတာကို တွေ့ကြည့်ရင် ကျောချမ်းမိတယ်လို့ အခြားအိမ်နီးနားချင်း အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ပြင်သစ်ရဲတွေက “ကဘူးဂါး” နဲ့ ပက်သက်ပြီး ပြင်သစ်မှာ နေထိုင်ခဲ့စဉ် ကာလတစ်လျှောက်လုံးရဲ့ သတင်းကို အိမ်နီးချင်းတွေဆီက တစ်စွန်းတစ်စမျှ စုံစမ်းလို့ မရခဲ့ကြပါဘူး။

“ကဘူးဂါး” ဟာ ဟူးတူးလူမျိုးဖြစ်ပြီး ရဝမ်ဒါမှာ အချမ်းသာဆုံး သူဌေးတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူဟာ အာဖရိကအလယ်ပိုင်းက ကော်ဖီ၊ လက်ဖက်ခြံတွေနဲ့ စက်ရုံအမြောက်အမြားကို ထိန်းချုပ်ထားခဲ့သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် မီလီကွင်လင်(Milles Collines) ရေဒီယိုအသံလွှင့်ဌါနရဲ့ ပူးတွဲပိုင်ရှင်လည်းဖြစ်ပါတယ်။ ဒီအသံလွှင့်ဌါနကို အသုံးချပြီး တွတ်တိစ်လူမျိုးဆန့်ကျင်ရေး ထုတ်လွှင့်ခဲ့ပြီး ဟူးတူး နဲ့ တွတ်တိစ် လူမျိုးနှစ်ခုအကြား တင်မားမှုတွေ အမုန်းတရားတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်ပေးခဲ့ပါတယ်။

ဒါ့အပြင် “ကဘူးဂါး” က တွတ်တိစ်လူမျိုး ၈၀၀,၀၀၀ နဲ့ အလယ်အလတ်တန်းစား ဟူတူးစ်လူမျိုးတွေကို သုတ်သင် သတ်ဖြတ်ခဲ့တဲ့ လူငယ်စစ်သွေးကြွတွေကို နောက်ကွယ်ကနေ ငွေကြေးရံပုံငွေတွေထူထောင်ပြီး ထောက်ပံ့ပေးခဲ့တယ်လို့ စွပ်စွဲခံထားရသူဖြစ်ပါတယ်။

“ကဘူးဂါး” ဟာ ၁၉၉၄ ခုနှစ်တုန်းက ပစ်ချခံခဲ့ရတဲ့ လေယာဉ်ပေါ်လိုက်ပါသွားပြီး သေဆုံးခဲ့တဲ့ သမ္မတ ဂျူဘီနယ်လ်ဟာဘီရာရီမာနား နဲ့လည်း ပက်သက်ဆက်နွယ်သူဖြစ်ပြီး သူ့ရဲ့ သမီးနှစ်ယောက်ကို ဟာဘီရာရီမာနား ရဲ့ မိသားစုဝင်တွေနဲ့ လက်ထပ်စေခဲ့ကြောင်း ၂၀၀၄ ခုနှစ် မှတ်တမ်းတွေအရ သိရပါတယ်။

အခုလို ဆယ်စုနှစ်ပေါင်း အတော်ကြာ လွတ်မြောက်နေတဲ့ “ကဘူးဂါး” ကို ဖမ်းဆီးရမိကြောင်း သိရှိရတဲ့အခါ ကျေနပ်ပျော်ရွှင်မိကြောင်း၊ ဒါပေမယ့် အသက်အရွယ်ကြီးရင့်နေပြီဖြစ်လို့  ပြင်သစ်တရားရေးက ညှာတာလျှော့ပေါ့မှာကို စိုးရိမ်မိကြောင်း လူမျိုးတုံးသတ်ဖြတ်ခံရမှုမှ လံတ်မြောက်လာခဲ့သူ အသက် ၆၄ နှစ်အရွယ် ‘မူကဘာရား’ ဆိုသူ အမျိုးသမီးကြီးက ဆိုပါတယ်။ သူမဟာ ခင်ပွန်းနဲ့ မိသားတစ်စုလုံး သတ်ဖြတ်ခံလိုက်ရပြီး လွတ်မြောက်လာသူတစ်ဦးဖြစ်ပါတယ်။ လူမျိုးတုံးသတ်ဖြတ်ခြင်းမှ သူမလိုပင် လွတ်မြောက်ခဲ့သူ ၁၉,၀၀၀ ရှိပြီး AVEGA ဆိုတဲ့ အဖွဲ့လေး ဖွဲ့စည်းထားပါတယ်။

လက်ရှိမှာတော့ “ကဘူးဂါး” ကို ပြင်သစ်မှာရှိတဲ့ လာဆန်တေးထောင်မှာ ထိန်းသိမ်းထားပြီး အပြည်ပြည်ဆိုင်ရာတရားရုံးရှိရာ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ကို လွှဲပြောင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။


18 May 2020     1,631 Views




RELATED

Most Popular of International News

Most Popular of NEWS