BEC-TERO TV

ကနေဒါလေတပ်မှ သရုပ်ပြလေယာဉ်တစ်စီး လူနေအိမ်ပေါ်သို့ ပျက်ကျ (ရုပ်သံ)

18 May 2020     1,508 Views


ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း နိုင်ငံသားများ၏ စိတ်ဓါတ်ကို ပြန်လည်မြှင့်တင်ပေးရန် ရည်ရွယ်ပြီး ကနေဒါနိုင်ငံလေတပ်မှ လေကြောင်းသရုပ်ပြ လေယာဉ်တစ်စီး မေလ ၁၇ ရက် တနင်္ဂနွေနေ့က လှည်လည်ပျံသန်းစဉ် ရုတ်တရက် လူနေအိမ်ပေါ်သို့ ပျက်ကျခဲ့ပြီး လေယာဉ်မှူးနှစ်ဦးတွင် တစ်ဦးမှာ သေဆုံးခဲ့ပြီး ကျန်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ပျက်ကျခဲ့သည့် လေယာဉ်မှာ အင်ဂျင်တစ်လုံးတပ် ဂျက်လေယာဉ်အမျိုးအစားဖြစ်ပြီး လေတပ် လေကြောင်းသရုပ်ပြ စနိုးဘတ်(Snowbird) အဖွဲ့မှ လေယာဉ်တစ်စီးဖြစ်သည်။ အဆိုပါလေယာဉ်ဟာ ဗြိတိသျှကိုလံဘီယာတွင်ရှိသော ကမ်လုပ်စ်လေဆိပ်မှ ထွက်ခွာပျံသန်းခဲ့သည်ဟု ယုံကြည်ထားကြသည်။

ရုပ်သံတွင် တွေ့ရှိရသော ပုံရိပ်များအရ လေယာဉ်တစ်စီး ကောင်းကင်ယံသို့ ထိုးတက်ပျံသန်းပြီး မကြာမီမှာ မြေပြင်ပေါ်သို့ ချာချာလည်ပြီး ပျက်ကျခဲ့ပါတယ်။ လေယာဉ်ပျက်ကျနေစဉ် လေယာဉ်မှူးတစ်ဦးက အရေးပေါ်ခလုတ်နှိပ်ကာ ခုန်ထွက်နိုင်ခဲ့ပြီး လေယာဉ်မှာ သစ်ပင်များကားထဲသို့ တိုးဝင်ကာ ပျက်ကျသွားခဲ့တာကို တွေ့ခဲ့ရပါတယ်။

“Snowbirds အဖွဲ့သားတစ်ဦး သေဆုံးပြီး တစ်ယောက်ကတော့ အပြင်အထန်ဒဏ်ရာရသွားပါတယ်” ဟု လေတပ်မတော်က တွစ်တာပေါ်ကနေ အတည်ပြုပြောကြားလိုက်ပါတယ်။

တရားဝင်ထုတ်ပြန်ချက်အရ လေယာဉ်ဟာ ဘန်ကူးဗားမြို့ အရှေ့မြောက်ဘက် မိုင် ၂၀၀ ခန့်အကွာရှိ လူနေအိမ်တစ်လုံးပေါ်သို့ ပျက်ကျခဲ့ကြောင်း သိရသည်။ ဒေသခံသတင်းရုပ်သံ CFJC မှ တင်ထားသောဓါတ်ပုံများအရ ကမ်လုပ်စ်မြို့မှ လူနေအိမ်တစ်လုံး မီးလောင်ပျက်ဆီးနေတာကိုတွေ့ရပါတယ်။

ကမ်လုပ်စ်မြို့ဟာ လူဦးရေ ၉၀,၀၀၀ ကျော်နေထိုင်တဲ့ မြို့ငယ်လေးဖြစ်ပါတယ်။ လေယာဉ်ပျက်ကျခံခဲ့ရသော နေအိမ်နဲ့ လမ်းတစ်ဖက်ခြားတွင် နေထိုင်သူ အမျိုးသမီး ‘ရို့စ်မေလာ’ ၏ အဆိုအရ ပေါက်ကွဲသံအကြီးကြီးကြားလိုက်ရပြီး သူမက ဗုံးပေါက်ကွဲသည်ဟုထင်ပြီး နေအိမ်ပြတင်းပေါက်မှ ကြည့်လိုက်ရာ လေယာဉ်ကြီးက တစ်ဖက်အိမ်ထဲထိုးဆိုက်နေတာ မြင်ခဲ့ရပြီး မကြာမီမှာ တစ်စစီ ပေါက်ကွဲထွက်သွားကြောင်း၊ သူမ၏အိမ်နောက်ဖေး ခြံထဲတွင် လေယာဉ်အပိုင်းအစ အကြီးကြီးတစ်ခု လွင့်စင်ကျခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

Snowbirds လေယာဉ်ဟာ ကနေဒါနဲ့ ယူအက်စ်လေယာဉ်ပြပွဲတွေမှာ ဆယ်စုနှစ်များစွာ ပျံသန်းသရုပ်ပြခဲ့တဲ့ လေယာဉ်ဖြစ်ပြီး အထူးသဖြင့် လေတပ်မှာ အမှူထမ်းတွေခန့်အပ်ဖို့ လိုတဲ့အခါ ပြည်သူတွေကို အသိပေးတဲ့အနေနဲ့ လှည့်လည်ပျံသန်းပြတာကလည်း အဓိကအချက်တစ်ချက်ဖြစ်ပါတယ်။

သရုပ်ပြသပွဲအတွင်းမှာ လေယာဉ် (၁၁)စီး တာဝန်ချထားပြီး သူတို့ထဲက ၉ စီးပျံသန်းကာ ၂ စီးကတော့ အရံအဖြစ် ထားရှိကြောင်း သိရှိရသည်။


18 May 2020     1,508 Views




RELATED

Most Popular of International News

Most Popular of NEWS