ပလပ်စတစ်စက်ရုံ ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် လူရာနဲ့ချီဒဏ်ရာရကာ အနည်းဆုံး (၉)ဦးသေဆုံး
07 May 2020 1,489 Views
မေလ ၇ ရက် ကြာသပတေးနေ့က အန္ဒိယနိုင်ငံတောင်ပိုင်းရှိ ပလပ်စတစ်ပစ္စည်းများထုတ်လုပ်သည့် LG Polymers စက်ရုံမှ ဓါတုဗေဒဓါတ်ငွေ့ ယိုစိမ့်မှုကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံးပြီး လူပေါင်း ၃၀၀ လောက်ကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ဆေးရုံတင်ပို့ခဲ့ကြပါတယ်။ အနီးနားရပ်ကွက်မှာ နေထိုင်ကြတဲ့ လူပေါင်း ရာချီကိုလည်း ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးခဲ့ရကြောင်း အန်ဒရာပါရာဒက်ရှ်ပြည်နယ် ရဲအဖွဲ့က ပြောကြားခဲ့ပါတယ်။
စက်ရုံက ဓါတ်ငွေ့ယိုစိမ့်မှုဟာ အနီးပါတ်ဝန်းကျင်က ရွာသားတွေ အိပ်မောကျနေချိန် နံနက်ဝေလီဝေလင်းအချိန်က စတင်ခဲ့ကြောင်း ဗီဆာကဖာနမ်မြို့ရဲ့ ရဲမင်းကြီးက ပြောကြားခဲ့ပါတယ်။
“ဒီအငွေတွေကို ရာပေါင်းများစွာသော လူတွေက ရှုရှိုက်မိပြီး မူးမေ့လဲကျတာတွေ၊ အသက်ရှုကြပ်လာတာတွေကို ခံစားခဲ့ရပါတယ်” ဟု ရဲမင်းကြီး ‘ဆရီဂျန် ဂူမန်လာ’ က လူမှုကွန်ယက် တွစ်တာပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
အနည်းဆုံး လူ ၉ ဦးသေဆုံးခဲ့ရပြီး လူပေါင်း ၃၀၀ ကနေ ၄၀၀ ကြား ဆေးရုံတင်ပို့ခဲ့ရပြီး အနီးနားရွာမှ လူ ၁၅၀၀ ကိုလည်း ဘေးလွတ်ရာသို့ ကယ်တင်ခဲ့ရသည်။
ညဘက်တာဝန်ကျ စက်ရုံထိန်းသိမ်းပြုပြင်ရေး အလုပ်သမားတစ်ဦးက ကန်ကနေ ယိုစိမ့်နေတာကို စတင်သိရှိခဲ့ကြောင်း LG Polymers ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ စက်ရုံဟာ ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ရပ်ဆိုင်းထားခဲ့ရပြီး ပြန်လည် လည်ပတ်ရန် ပြင်ဆေင်နေချိန်မှာ အခုလို ဖြစ်သွားခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် ‘နာရန်ဒါမိုဒီ’ အနေနဲ့ ဒီအဖြစ်အပျက်ကို စောင့်ကြည့်ကိုတွယ်ဖြေရှင်းဖို့ ဗဟိုပြည်ထဲရေးဝန်ကြီးဌါနဲ့ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်များနဲ့ ပြောဆိုထားပြီးဖြစ်ကြောင်း သိရသည်။
LG Polymers မှာ လျှပ်စစ်ပန်ကာ ဒလက်တွေ၊ ခွက်တွေနဲ့ အလှကုန်ပစ္စည်းများအတွက် လိုအပ်သော ပလပ်စတစ်ပစ္စည်းတွေကို ထုတ်လုပ်ထောက်ပံ့ပေးနေသော စက်ရုံဖြစ်ပြီး စက်ရုံသုံး ကုန်ကြမ်းပစ္စည်းများဟာ မီးလောင်လွယ်ပြီး မီးလောင်တဲ့အခါ အဆိပ်ငွေ့တွေ ထုတ်လွှတ်နိုင်တဲ့ အန္တရာယ်ရှိသော ပစ္စည်းများဖြစ်သည်။
လက်ရှိမှာတော့ အခြေအနေအားလုံးကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း LG Polymers စက်ရုံပိုင်ရှင်က ပြောကြားခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှုနှင့် နစ်နာခဲ့ရမှုတွေအတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနဲ့ ပူပေါင်းကာ စုံစမ်းစစ်ဆေးပြီး ပြည်သူကို တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။