အိန္ဒိယတွင် လူစုရုံးခြင်းကိုတားမြစ်ရန် “ကိုရိုနာအခွန်” ၇၀% စတင်ကောက်ခံ
05 May 2020 1,645 Views

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီတွင် မေလ ၅ ရက် အင်္ဂါ(ယနေ့)မှ စတင်ပြီး လက်လီစတိုးဆိုင်များတွင် အရက်ဝယ်ယူသူများ ကိုရိုနာအခွန်အဖြစ် ၇၀% ထပ်ဆောင်း ပေးဆောင်ရတော့မည်ဖြစ်သည်။ သီတင်းပတ် ၆ ပတ်ကြာ lockdown ချထားပြီးနောက် စတိုးဆိုင်များတွင် လူများစုရုံးခြင်းကို ပြေလျော့သွားစေရန် ရည်ရွယ်ချက်ဖြင့် အထူးကိုရိုနာခွန် ကောက်ခံမည်ဟု နယူးဒေလီအာဏာပိုင်များက တနင်္လာနေ့ ညနေပိုင်းက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
အရက်သေစာကနေ ရရှိသော အခွန်ငွေမှာ အိန္ဒိယနိုင်ငံ ပြည်နယ် ၃၆ ခုအတွက် အဓိကဝင်ငွေဖြစ်ပြီး လက်ရှိအခြေအနေတွင် သက်ဆိုင်ရာဒေသများအတွင်း ရိက္ခာထောက်ပံ့မှုများ ပြုလုပ်နေရသည့်အတွက် ရံပုံငွေများ လျှော့နည်းလာသည်။
အိန္ဒိယနိုင်ငံတွင် lockdown ကာလကို မေလ ၁၇ ရက်ထိ သတ်မှတ်ထားသော်လည်း တနင်္လာနေ့က အနည်းငယ်ဖြေလျော့ပေးလိုက်ပြီး စတိုးဆိုင်များ ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့သည်။ ထိုနေ့မှာပင် စတိုးဆိုင်များ၌ လူတွေ ပြုံတိုးနေမှုကြောင့် ရာနဲ့ချီသော လူများကို ရဲတွေက တုတ်ကိုင်ပြီး ထိန်းသိမ်းပေးခဲ့ရသည်။
“ဒေလီက စတိုးဆိုင်တွေမှာ ကံမကောင်းစွာနဲ့ပဲ အဓိကရုဏ်းတွေ ဖြစ်တာကို တွေ့ခဲ့ရတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ် Arvind Kejriwal က ပြောကြားခဲ့သည်။
“အကယ်၍ တစ်ဦးနဲ့တစ်ဦး အကွာအဝေးကို ချိုးဖောက်တယ်လို သိတာနဲ့ တစ်ပြိုင်နက် အဲဒီနေရာတွေမှာ ဖြေလျော့ပေးထားတဲ့ အခြေအနေတွေအားလုံးကို ရုတ်သိမ်းပြီး ချိပ်ပိတ်ပစ်လိုက်မယ်” ဟု ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ အန်ဒရာပရာဒက်ရှ် ပြည်နယ်ကဲ့သို့ အခြားပြည်နယ်တွေမှာလည်း တစ်ဦးနဲ့တစ်ဦး လိုက်နာရမယ့်အကွာအဝေးကို ချိုးဖောက်မှုတွေရှိပြီး ရာနဲ့ချီတဲ့ လူတွေဟာ ဈေးနှုန်းတွေ တက်နေသည့်တိုင် အရက်ဝယ်ဖို့အတွက် စတိုးဆိုင်တွေမှာ တိုးကြိတ်နေတာတွေ ရှိပါတယ်။
မေလ ၅ ရက် အင်္ဂါနေ့ တစ်ရက်ထဲမှာတင် ကူးစက်မှုအသစ် ၃,၉၀၀ ရှိနေပြီး အမြင့်ဆုံးစံချိန်တင်ခဲ့ပါတယ်။ လက်ရှိမှာတော့ Covid-19 အတည်ပြုလူနာပေါင်း ၄၆,၄၃၂ ရှိပြီး ၁,၅၆၈ သေဆုံးခဲ့ပြီဟု ကျန်းမာရေးဝန်ကြီးဌါနက ပြောကြားလိုက်သည်။