BEC-TERO TV

Air Asia မှ PPE ဝတ်စုံအသစ်များဖြင့် မနက်ဖန်တွင် စတင်ပြန်လည်ပြေးဆွဲမည်

28 Apr 2020     1,845 Views


Covid-19 ကပ်ရောဂါကြောင့် ယာယီရပ်ဆိုင်းထားခဲ့ရသော Air Asia လေကြောင်းလိုင်း ဧပြီလ ၂၉ ရက်နေ့ (မနက်ဖန်)တွင် ရောဂါအန္တရာယ်ကင်းရှင်းရေး PPE ဝတ်စုံများ လုံခြုံရေးအစီအမံသစ်များနဲ့ စတင်ပြန်လည် ပြေးဆွဲတော့မည်ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ခရီးသွားဧည့်သည်တွေအတွက် Covid-19 နဲ့ ပက်သက်ပြီး မြေပြင်မှာရော ဝေဟင်မှာပါ ဘေးအန္တရာယ်ကင်းစေမယ့် လုပ်ငန်းစဉ်တွေကို သုံးသပ်ဆောင်ရွက်ထားပါတယ်” ဟု လေကြောင်းလိုင်း ဥက္ကဋ္ဌ ဘိုလင်ဂမ်(Bo Lingam) က Air Asia ၏ ဝဘ်ဆိုက်တွင် ဖော်ပြထားပါတယ်။

လုံခြုံရေးအစီစဉ်များအရ လေယာဉ်ပေါ်တွင် လိုက်ပါမည့် ခရီးသည်များအားလုံး လေယာဉ်ပေါ် မတက်မီ၊ ခရီးစဉ်အတွင်းနှင့် ကာလတစ်လျှောက်လုံး မိမိအစီစဉ်ဖြင့် နှာခေါင်းစည်းများ တပ်ဆင်ထားရမည်။ မတပ်ဆင်ထားသူများအား လေယာဉ်ပေါ်သို့ တက်ခွင့်ပြုမည် မဟုတ်ပါ။

ခရီးသည်တစ်ဦးလျှင် ၅ ကီလိုထက်မပိုသော ခရီးဆောင်လက်ဆွဲသေတ္တာတစ်လုံး လေယာဉ်ပေါ်သို့ ယူဆောင်လာခွင့်ရှိသည်။

ခရီးသည်များအားလုံး လေဆိပ်ထဲမှစတင်၍ တန်းစီရာတွင် သတ်မှတ်ထားသော အကွာအဝေးအမှတ်အသားများအတိုင်သာ လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။

လေကြောင်းလိုင်း၏ လမ်းညွှန်ချက်အသစ်အရ ယခင်က သတ်မှတ်ထားသော ခရီးဆောင်သေတ္တာ အလေးချိန် ၇ ကီလိုအစား ၅ ကီလို ပြောင်းလဲသတ်မှတ်ထားကြောင်း ဖော်ပြထားသည်။

လေယာဉ်အမှုထမ်းများအားလုံး Air Asia ၏ အဓိကအရောင်ဖြစ်သည့် အနီရောင် ကာကွယ်ရေးဝတ်စုံ PPE များ ဝတ်ဆင်ကာ ဝန်ဆောင်မှုများ ပေးသွားမည်ဖြစ်သည်။ အဆိုပါ PPE ဝတ်စုံများကို ဖိလစ်ပိုင် ဒီဇိုင်နာ Puey Quinones က တီထွင်ချုပ်လုပ်ပေးထားပြီး ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌါန၏ အသိမှတ်ပြုလက်မှတ်လည်း ရရှိထားပြီးကြောင်း သိရသည်။

Puey Quinones မှာ လော့စ်အိန်းဂျလိစ်တွင် အခြေချနေထိုင်သူ ဒီဇိုင်နာတစ်ဦးဖြစ်ပြီး PPE ဝတ်စုံများကို Air Asia အတွက်သာမက ကပ်ရောဂါဆိုးကြီး စတင်ဖြစ်ပွားကတည်းက အခြားသော အမှတ်တံဆိပ်များနဲ့ ဆေးရုံများအတွက် PPE ဝတ်စုံများ တီထွင်ချုပ်လုပ်ပေးခဲ့သူလည်း ဖြစ်သည်။

Air Asia ၏ ပြည်တွင်းပြည်ပ နိုင်ငံတစ်ကာခရီးစဉ်များအားလုံးတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအားလုံး အဆိုပါ PPE ဝတ်စုံများကို ဝတ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။


28 Apr 2020     1,845 Views




RELATED

Most Popular of International News

Most Popular of NEWS