အမေရိကန်တွင် ကမ်းခြေများပြန်ဖွင့်ပေးလိုက်သည်နှင့် ရာနဲ့ချီသောလူများ ချက်ခြင်းပြည့်နှက်
20 Apr 2020 1,536 Views
အမေရိကန်နိုင်ငံတွင် Covid-19 ကြောင့် သေဆုံးသူများပြားလာနေသော်လည်း နေအိမ်ပြင်ပသို့ ထွက်ခွင့်မရခြင်းက အမေရိကန်ပြည်သူတွေအတွက် စိတ်အကျဉ်းကြပ်ဆုံး ကိစ္စတစ်ခုဖြစ်လာပြီး ရောဂါပိုးကူးစက်မှာကိုပင် မမူတော့တာကို ဖလော်ရီဒါကမ်းခြေတစ်လျှောက် ရာနဲ့ချီတဲ့ ပြည်သူတွေ Covid-19 ကာကွယ်ရေး ညွှန်ကြားချက်များကိုပင် အရေးမစိုက်တော့ပဲ သွားလာလှုပ်ရှား ကစားနေကြတာကို မြင်တွေ့ရပါတယ်။
ဖလော်ရီဒါကမ်းခြေအပါအဝင် အများပြည်သူများသွားလာသည့်နေရာများကို ဂျက်ဆင်ဗဲလီရဲ့ မြို့တော်ဝန် Lenny Curry က အမိန့်ထုတ်ပြန်ပြီး ယခင်က ပိတ်ထားခဲ့သည်။ ဧပြီလ ၁၇ ရက်နေ့က ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝ ပြန်လည်ရရှိစေရေးအတွက် မဖြစ်မနေပြုလုပ်ရမည့်ကိစ္စများသာ ပြုလုပ်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဖော်ရီဒါပင်လယ်ကမ်းခြေများကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ ရာပေါင်းများစွာသော အမေရိကန်ပြည်သူတွေ ကမ်းခြေတလျှောက် ပြည့်နှက်နေပြီး Covid-19 အတွက် လိုက်နာရမည့် တစ်ဦးနဲ့တစ်ဦး အကွာအဝေးကိုလည်း ဂရုမပြုတော့တာကို တွေ့ရကြောင်း CNN နှင့် The Guardian သတင်းဌါနများက ဖော်ပြထားသည်။
ကမ်းခြေကို ပိတ်ပင်ထားသည့် အကာအရံအတားအဆီးများကို ဖယ်ရှားလိုက်သည်နှင့် တပြိုင်နက် လူတွေရောက်လာပြီး ပျော်ပျော်ပါးပါးနဲ့ ကမ်းခြေတစ်လျှောက် သွားလာလှုပ်ရှားမှုတွေ ပြုလုပ်ကြကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။ ကမ်းခြေအနီးတွင် နေထိုင်ကြသော ပြည်သူအချို့၏ ပြောစကားများအရ ကမ်းခြေကို မြင်နေရပြီး အသုံးမပြုရတဲ့ ခံစားချက်ဟာ ညှင်းပြီး နှိပ်စက်ခံနေရတာနဲ့ အတူတူဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ကမ်းခြေကို ပြန်လည်ဖွင့်လှစ်လိုက်သည်နှင့် တစ်ပြိုင်နက် လူစုလူဝေးကြီးဟာ နေပူစာလှုံခြင်း၊ စကားစမြည်ပြောခြင်း၊ ကစားနေခြင်းတို့ကို နှာခေါင်းစည်း mask များ မပါပဲ လုပ်ဆောင်နေကြတာကို မြင်တွေ့ရပါတယ်။
မြို့တော်ဝန် Curry ၏ ပြောကြားချက်အရ လူတစ်ဦးနဲ့တစ်ဦး လိုက်နာရမည့် အကွာအဝေး လမ်းညွှန်ချက်များနဲ့ ကိုက်ညီသော အပမ်းဖြေလှုပ်ရှားမှုများဖြစ်သည့် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ တောင်တက်ခြင်း၊ ငါးမျှားခြင်း၊ ပြေလွှားခြင်း၊ ရေကူးခြင်း၊ အိမ်မွေးတိရိစ္ဆာန်ကျောင်းခြင်း စတာတွေကို ခွင့်ပြုထားပြီး နေပူစာလှုံခြင်း၊ လူအများစုဝေးခြင်းတို့ကို ပိတ်ပင်ထားကြောင်း ပြောဆိုခဲ့သည်။
ဧပြီလ ၂၀ ရက်နေ့ထိ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် Covid-19 ကြောင့် သေဆုံးသူ ၄၀,၀၀၀ နီးပါး ရှိနေပြီဖြစ်ကြောင်း အယ်လ်ဂျာဇီယားသတင်းတွင် ဖော်ပြထားသည်။