တရုတ်ခေါင်းဆောင်များ ကပ်ရောဂါဆိုးကြီးကို ၆ ရက်ကြာ ဖုံးကွယ်ခဲ့ကြောင်းစွပ်စွဲ
15 Apr 2020 1,522 Views
တရုတ်နိုင်ငံက ထိပ်တန်းခေါင်းဆောင်ကြီးများဟာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်လာမည့် ကပ်ရောဂါဆိုးကြီး စတင်ခဲ့ချိန် အရေးကြီးသည့် ၆ ရက်ကို ဖုံးကွယ်ထားပြီး အများပြည်သူကို သတိပေးရန် ပျက်ကွက်ခဲ့ခြင်းကြောင်း ယခုလို အခြေအနေများ ဆိုးရွားခဲ့ရကြောင်း စွပ်စွဲချက်များနဲ့ ရင်ဆိုင်နေရသည်။
နှစ်သစ်ကူးကာလ သန်းနဲ့ချီသော လူများခရီးသွားနေချိန်တွင် သတင်းထိန်းချန်ထားခဲ့မှုကြောင့် ဝူဟန်မြို့ကို ဗဟိုပြုကာ ထောင်သောင်းချီသော လူများ ကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း AP သတင်းတွင် ဖော်ပြထားသည်။
တရုတ်သမ္မတ ရှီကျင်းပိုင် က ကူးစက်ရောဂါဖြစ်ပွားပြီး ခုနှစ်ရက်မြောက်သည့်နေ့ ဇန်နဝါရီ ၂၀ ရောက်မှ ပြည်သူများကို သတိပေးချက်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ကြေညာချက်များ မထုတ်ပြန်ပဲ နှုတ်ဆိတ်နေခဲ့သည့် တစ်ပတ်အတွင်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ ၃,၀၀၀ ကျော် ရှိနှင့်ပြီးဖြစ်ကြောင်း ရောဂါပိုး၏ နောက်ကြောင်းခြေရာများကို ထောက်လှမ်းထားသည့် CCDC weekly က ထုတ်ပြန်ထားသည့် အတွင်းသတင်း အချက်အလက်များအရ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
တရုတ်နိုင်ငံ ထိပ်တန်းခေါင်းဆောင် အသီးသီးတို့က ဇန်နဝါရီလ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၆ ရက်ကြာ သတင်းထုတ်ပြန်မှုများ နှောင့်နှေးခဲ့ရုံသာမက နိုင်ငံတစ်ကာ အစိုးရများက အဆိုပါဗိုင်းရပ်စ်ကို ဖော်ထုတ်ရန် သီတင်းပတ်များစွာ တိုက်တွန်းခဲ့ကြရသည်။
တုံ့ပြန်လုပ်ဆောင်မှုများ နှောင့်နှေးခဲ့ရသည့် ရလာဒ်အတိုင်း ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ်ကူးစက်ပြန့်ပွားမှုကို အလူအလဲခံခဲ့ရပါတယ်။ ဒါပေမယ့် တရုတ်အစိုးရက ပြည်သူများကို သတိပေးတပ်လှန့်မှုနဲ့ လူထုရဲ့ခြောက်ခြားထိတ်လန့်မှုများကြားမှာ ထိန်းနိုင်အောင် ကြိုးစားခဲ့ပါတယ်။
“အကယ်၍ သူတို့သာ ၆ ရက်စောပြီး ဆောင်ရွက်ခဲ့မယ်ဆိုရင် လူနာတွေ ဒိထက်မက လျော့နည်းပြီး ဆေးဝါးပစ္စည်းအထောက်ပံ့ မလုံလောက်မှုတွေလည်း ဖြစ်မှာ မဟုတ်ဘူး” ဟု လော့စ်အိန်းဂျလိစ်ရှိ ကဘ်လီဖိုးနီးယားတက္ကသိုလ်မှ ကူးစက်ရောဂါကာကွယ်ရေး ပညာရှင် ဆူးဖန်ကျန်း (Zuo-Feng Zhang) က ပြောပါတယ်။
ထို့ပြင် ၆ ရက်ကြာ နှောင့်နှေးခဲ့ရုံသာမက ဇန်နဝါရီ ၅ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ နိုင်ငံတစ်ဝှမ်းလုံးက ဆေးရုံတွေမှာ ရာနဲ့ချီတဲ့ လူနာတွေ များပြားလာနေသော်လည်း ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟို က နှစ်ပတ်ကြာသည့်တိုင် စာရင်းသွင်းထားခြင်း မရှိခဲ့ကြောင်း AP သတင်းဌါနက အခိုင်အမာ ပြောဆိုလိုက်သည်။
တရုတ်အစိုးရကတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပက်သက်ပြီး သတင်းထိန်ချန် ဖုံးကွယ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းပယ်ခဲ့ပြီး ကူးစက်ပြန့်ပွားမှု ဖြစ်လျှင်ဖြစ်ခြင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကို အသိပေးအကြောင်းကြားခဲ့ကြောင်း တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
“တရုတ်နိုင်ငံက သတင်းထိန်ချန်တယ် ဒါမှမဟုတ် ပွင့်လင်းမြင်သာမှုရှိဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူး” ဟု နိုင်ငံခြားရေးဝန်ကြီးဌါနမှ ပြောရေးဆိုခွင့်ရှိသူ ကျောင်းလီးကျန်(Zhao Lijian) က ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။