BEC-TERO TV

သူဌေးကလုပ်အားခမပေးသဖြင့် ဒုက္ခရောက်နေသူ မလေးရှားရောက် မြန်မာလူငယ်

14 Apr 2020     1,650 Views


အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံရပ်ခြားကို ရောက်ရှိနေကြတဲ့ မြန်မာရွေ့ပြောင်း အလုပ်သမားများဟာ အခုလို ကိုရိုနာဗိုင်းရပ်စ် Covid-19 နဲ့ ရင်ဆိုင်နေရတဲ့ကာလမှာ စက်ရုံအလုပ်ရုံတွေ ပိတ်ထားရတာကြောင့် အခက်အခဲများနဲ့ ရင်ဆိုင်နေကြရတဲ့သူတွေရှိနေပါတယ်။

မလေးရှားရောက် မြန်မာအလုပ်သမား လူငယ်တစ်ဦးဟာ သူ့ရဲ့အလုပ်ရှင်က အလုပ်တွေရပ်နားထားပြီး သူ့ကိုလည်း လုပ်ခလစာငွေ မပေးတာကြောင့် စားဖို့သောက်ဖို့တောင် ပိုက်ဆံတစ်ပြားမှမရှိပဲ အတိဒုက္ခရောက်နေရပါတယ်။

အားကိုးရာမဲ့နေတဲ့ နောက်ဆုံးမှာတော့ သူနေထိုင်ရာ ကဒါးပြည်နယ် ဂျီထရာမြို့ကနေ သူ့ရဲ့အစ်ကိုရှိရာ ပီနန်းပြည်နယ်ရှိ ဘာတန်မြို့ကို သွားရန်ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် ပိုက်ဆံကလည်း တစ်ပြားမှမရှိသလို Covid-19 ကြောင့် သယ်ယူပို့ဆောင်ရေးတွေ ရပ်နားထားတဲ့အတွက် ကီလိုမီတာ ၁၀၀ ကျော်တဲ့ ခရီးကို အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ စက်ဘီးဟောင်းလေးကို နင်းကာ ထွက်လာခဲ့ပါတယ်။

ကီလိုမီတာ ၄၀ ခရီးဖြစ်တဲ့ ကဒါးပြည်နယ်ထဲက ပန်ဒန်းမြို့ငယ်လေးကို အရောက်မှာတော့ ဆာလောင်လွန်းတာကြောင့် ခရီးမဆက်နိုင်‌တော့ပါဘူး။ အနီးမှာရှိတဲ့ ကားရေဆေးဆိုင်တစ်ဆိုင်ထဲကို ဝင်သွားပြီး ဆိုင်ရှင်ကို ဗိုက်ဆာလွန်းလို့ စားစရာတစ်ခုခုလောက်ပေးပါလို့ အသနားခံခဲ့ပါတယ်။

“အဘန်း(အစ်ကို) ကျွန်တော့်မှာ ပိုက်ဆံတော့မရှိပါဘူးခင်ဗျာ ဒါပေမယ့် ကျွန်တော်ဗိုက်ဆာလွန်းလို့ စားစရာလေးတစ်ခုခုလောက် ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု တောင်းပန်ခဲ့ပါတယ်။

ဆိုင်ရှင်အား ဖြစ်ကြောင်းကုန်စင်ပြောပြပြီးတဲ့နောက်မှာ ကြင်နာသနားတတ်တဲ့ ဆိုင်ရှင်က သူ့ကို နေ့လည်စာဝယ်ကျွေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လူငယ်လေးက ကျေားဇူးတင်စကားပြောပြီး စက်ဘီးစီးကို သူ့ခရီးကို ဆက်သွားခဲ့ကြောင်း Penang Kini ဖေ့စ်ဘွခ်စာမျက်နှာမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တိုင်းတစ်ပါးမှာ ဒုက္ခရောက်နေတဲ့ မြန်မာလူငယ်လေး ဘေးအန္တရာယ်ကင်းကင်းနဲ့ သူ့ရဲ့အားကိုရာ အစ်ကိုဆီကို ရောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


14 Apr 2020     1,650 Views




RELATED

Most Popular of Special or Others

Most Popular of NEWS