ကမ္ဘာကြီးတွင် သူနာပြုအရေအတွက် ၆ သန်း လိုအပ်နေကြောင်း WHO ပြောကြား
07 Apr 2020 1,456 Views
Covid-19 ရောဂါကို တိုက်ဖျက်နိုင်ရေးအတွက် ကမ္ဘာကြီးမှာ သူနာပြုအရေအတွက် ၆ သန်းနီးပါး လိုအပ်နေသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က အင်္ဂါနေ့မှာ သတိပေးပြောကြားလိုက်ပါတယ်။
ယူအန် ကျန်းမာရေးအေဂျင်စီနှင့် လက်တွဲဖော် Nursing Now နှင့် အပြည်ပြည်ဆိုင်ရာ သူနာပြုကောင်စီ (ICN) တို့၏ အစီရင်ခံစာတွင် သူနာပြုများ အရေအတွက်က တစ်ကမ္ဘာလုံးရှိ ကျန်းမာရေးဝန်ထမ်းများ၏ ထက်ဝက်ကျော်ခန့်ရှိသော်လည်း နောက်ထပ် အရေးတကြီး လိုအပ်နေသေးကြောင်း အလေးအနက် ပြောကြားလိုက်သည်။
“သူနာပြုတွေဟာ ကျန်းမာရေးနယ်ပယ်စနစ်အားလုံးရဲ့ ပင်မကျောရိုးဖြစ်ပါတယ်” ဟု WHO ၏ အကြီးအကဲ Tedros Adhanom Ghebreyesus က ကြေညာချက်တွင် ပြောကြားခဲ့သည်။
“ယနေ့ ကိုရိုနာဗိုင်းရပ်စ် Covid-19 တိုက်ဖျက်ရေးအတွက် သူနာပြုတွေဟာ ရှေ့တန်းမှာ ပါဝင်ဆောင်ရွက်နေကြပါတယ်၊ ကမ္ဘာ့ကြီးကျန်းမာရေးကို ထိန်းသိမ်းနိုင်ဖို့ သူတို့လိုအပ်တာကို ပံ့ပိုးရပါမယ်” ဟု ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ သူနာပြုအရေအတွက်က ၂၈ သန်း အောက်မှာသာရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၁၈ ခုနှစ်ထိ ၅ နှစ်အတွင်း သူနာပြုအရေအတွက် ၄.၇ သန်း တိုးတက်လာခဲ့သော်လည်း တကမ္ဘာလုံး အတိုင်းအတာနဲ့ ဆိုပါက ၅.၉ သန်း လိုအပ်နေသေးကြောင်း WHO က ဆင်းရဲသောနိုင်ငံများရှိနေသည့် အာဖရိက၊ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းနှင့် တောင်အမေရိက နိုင်ငံများရှိ သူနာပြုလိုအပ်ချက်များကို ထောက်ပြကာ ပြောဆိုခဲ့သည်။
အစီရင်ခံစာတွင် သူနာပြုအင်အား ကွာဟချက်ရှိနေသော နိုင်ငံများအနေနဲ့ သူနာပြုနဲ့ သက်ဆိုင်သော ပညာရေးနှင့် လုပ်ငန်းနယ်ပယ်များကို အစိုးရအနေနဲ့ ဖြည့်တင်း ရင်းနှီးမြုတ်နှံပေးကြရန် တိုက်တွန်းထားသည်။
လက်တလောအခြေအနေအရ အီတလီနိုင်ငံတွင် ကျန်းမာရေးဝန်ထမ်း ၉ ရာခိုင်နှုန်းဟာ ဗိုင်းရပ်စ်ကူးစက်ခံထားရပြီး သူနာပြု ၂၃ ဦး သေဆုံးခဲ့ပြီဖြစ်ကာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် Covid-19 ကြောင့် ကျန်မာရေးဝန်ထမ်း သေဆုံးမှုပေါင်း ၁၀၀ ဝန်းကျင်ရှိနေပြီဖြစ်သည်။ ကျွမ်းကျင်သူများ၏ အဆိုအရ သူနာပြုလုပ်ငန်းများတွင် အမျိုးသမီးများက အများဆုံးဖြစ်နေပြီး သူနာပြု အမျိုးသား အများအပြားကို လိုအပ်လျှက်ရှိကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြပါရှိသည်။