BEC-TERO TV

Covid-19 လူနာက ကုသမှုမခံယူပဲ သူနာပြုဆရာမလေးကို တိုက်ခိုက်

02 Apr 2020     1,578 Views


ကမ္ဘာကြီးမှာ ကိုရိုနာဗိုင်းရပ်စ် Covid-19 ကပ်ရောဂါဆိုးကြီး ဆိုက်ရောက်နေချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းတွေက သူတို့တွေရဲ့ အသက်ကို ပဓာနမထားပဲ ရှေ့တန်းကနေ တိုက်ဖျက် နှိမ်နင်းနေကြပါတယ်။ ဒါပေမယ့် အချို့သော တစ်ကိုယ်ကောင်းဆန်ပြီး ခေါင်းမာတဲ့ လူနာတွေကြောင့် လုပ်ရကိုင်ရတဲ့ ရောဂါထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်တွေမှာ အခက်အခဲတွေရှိနေပြီး သူတို့တွေအတွက်လည်း အသက်အန္တရာယ်က ပိုမိုနီးကပ်နေပါတယ်။

တရုတ်နိုင်ငံ ဂွမ်ကျိုးပြည်နယ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လူနာတစ်ဦးဟာ ဆေးကုသမှုကို ကောင်းမွန်စွာ မခံယူပဲ သူ့ကိုစေတနာရှေ့ထားပြုစုပေးနေတဲ့ သူနာပြုဆရာမလေးကို စော်ကားပြောဆိုပြီး ကိုယ်ထိလက်ရောက် ရိုက်နှက်မှုကြောင့် သူနာပြုဆရာမလေးဟာ ဒဏ်ရာအနာတရတွေ ရခဲ့ပါတယ်။

လူနာရဲ့ အမည်က Okanwonwoye Chika Patrick ဆိုသူဖြစ်ပြီး နိုက်ဂျီးရီးယားနိုင်ငံကနေ မတ်လ ၂၀ ရက်နေ့မှာ ဂွမ်ကျိုးမြို့ကို ဝင်လာခဲ့ပါတယ်။ အဲဒီနောက် ကိုရိုနာဗိုင်းရပ်စ် Covid-19 positive ဖြစ်နေတာကို စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် သူ့ကို ဆေးရုံတင်ပို့ကာ ကုသမှုခံယူစေခဲ့ပြီး နောက်ထပ် ထပ်မံစစ်ဆေးကြည့်ရာ positive အဖြေပဲ ထွက်နေတုန်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်မှာတော့ ဂွမ်ကျိုးမြို့ လုံခြုံရေးဗျူရိုက ပြည့်သူ့ဆေးရုံမှာ Covid-19 လူနာတစ်ဦး ရောဂါထိန်းချုပ် သီးသန့်အဆောင်မှာ ကုသမှုမခံယူပဲ သောင်းကျန်းနေကြောင်း သတင်းရရှိသဖြင့် သွားရောက် ထိန်းသိမ်းခဲ့ရာ သူနာပြုဆရာမလေးတစ်ဦး တိုက်ခိုက်ခံထားရပြီး ဒဏ်ရာများရရှိကြောင်း တွေ့ခဲ့ရပါတယ်။

သူနာပြုဆရာမလေးက လူနာကို သွေးစစ်ရန် ပြောရာ ငြင်းဆန်ပြီးနောက် လူနာက သီးသန့်အဆောင်ကနေ ထွက်သွားရန် ကြိုးစားခဲ့သည်။ သူနာပြုဆရာမက လိုက်လံတားဆီးရာ ဆရာမလေးကို ရိုက်နှက်ပြီး မျက်နှာကိုပါ ကိုက်လိုက်ပါတယ်။

သူနာပြုဆရာမရဲ့ မျက်နှာနဲ့ လည်ပင်းတို့မှာ တိုက်ခိုက်ခံထားရတဲ့ ဒဏ်ရာတွေကို တွေ့မြင်ရပါတယ်။ လက်ရှိမှာတော့ ရဲတွေက အမှုဖွင့်ထားပြီး ဆေးရုံရဲ့ ရောဂါထိန်းချုပ်သီးသန့်အဆောင်ကိုလည်း လုံခြုံရေးတင်းကြပ်လိုက်ပါတယ်။ အဆိုပါ လူနာကိုတော့ ကူးစက်ရောဂါကာကွယ်တာဆီးရေး တည်ဆဲဥပဒေနဲ့ အရေးယူသွားမှာဖြစ်ပြီး ရဲအစောင့်အရှောက်များရဲ့ ထိန်းချုပ်မှုအောက်မှာ ဆေးကုသမှုခံယူနေရကြောင်း သိရှိရသည်။


02 Apr 2020     1,578 Views




RELATED

Most Popular of Special or Others

Most Popular of NEWS