ဆေးလိပ်သောက်သူများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေ ပို၍မြင့်မား
30 Mar 2020 3,163 Views
ကမ္ဘာအရပ်ရပ်တွင် လက်တလော ပြန့်နှံ့နေပြီး ကုသရန် တိကျသေချာသော ဆေးမရှိသေးသည့် ကိုရိုနာဗိုင်းရပ်စ် Covid-19 ရောဂါပိုးသည် သာမန်လူများထက် ဆေးလိပ်သောက်သူများတွင် ဖြစ်နိုင်ခြေပို၍မြင့်မားကြောင်း အစ္စရေးနိုင်ငံမှ ကျွမ်းကျင်သူ ဆရာဝန်မှ သတိပေးပြောကြားလိုက်သည်။
Dr Yael Bar-Zeev ၏ ရှင်းပြမှုအရ ဆေးလိပ်သောက်သူများ၏ ကိုယ်ခံအားစနစ်မှာ ဆေးလိပ်မသောက်သူများထက် အားနည်းပြီးသားဖြစ်သဖြင့် အသက်ရှုလမ်းကြောင်းစနစ်မှတစ်ဆင့် အမျိုးမျိုးသော ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားများ ဝင်ရောက် ကူးစက်နိုင်ခြေမြင့်သည့်ဟု ပြောကြားခဲ့သည်။
Dr Yael Bar-Zeev က တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကို သာဓကထုတ်ပြပြီး ရှင်းပြခဲ့သည်။ ဝူဟန်မြို့ဖြစ်စဉ်အရ အမျိုးသားများက အမျိုးသမီးများထက် ဗိုင်းရပ်စ်ကူးစက်ခံရမှုနှုန်း မြင့်မားခဲ့သည်။ ထို့ပြင် ဆေးလိပ်သောက်သူ အမျိုးသားများ၏ ကူးစက်ခံရမှုနှုန်း ၅၀% ကျော်ရှိနေချိန်တွင် ဆေးလိပ်သောက်သူ အမျိုးသမီးများ၏ ကူးစက်မှုနှုန်းက ၂% သာ ရှိကြောင်း ထောက်ပြပြောဆိုခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ကူစက်ခံထားရသော လူနာအယောက် ၈၀ ကို လေ့လာစမ်းစစ်ကြည့်ရာတွင် လူနာခြင်းအတူတူတွင် ဆေးလိပ်သောက်ခဲ့သော လူနာက ဖျားနာမှုဝေဒနာကို ၁၄ ဆ ပို၍ခံစားရကြောင်း Dr Yael Bar-Zeev က ပြောကြားခဲ့သည်။ သူမဟာ လက်ရှိတွင် ဟီဘရူးတက္ကသိုလ်တွင် အများပြည်သူကျန်းမာရေးကို တာဝန်ယူထားရသော ဆရာဝန်တစ်ဦးလည်းဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ် မပေါ်လာမီကပင် ဆေးလိပ်သောက်သူတွေဟာ နှလုံးနဲ့ဆိုင်သော ရောဂါများ၊ အဆုပ်နဲ့သက်ဆိုင်သော နာတာရှည်ရောဂါများအပြင် ဆီးချိုဝေဒနာတို့ကိုပါ ပြင်းထန်းစွာ ခံစားရလေ့ရှိသဖြင့် ဒီရောဂါအခံတို့ကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့်အခါ အပြင်အထန်ဖျားနားသည့် ဝေဒနာကို ခံစားရကြောင်း ရှင်းပြခဲ့သည်။
ဂရိနိုင်ငံက ကမ္ဘာ့လှည့်ခရီးသည်များကို ကားမောင်းပို့ပေးရသည့် အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် Covid-19 တွေ့ရှိခဲ့ရသဖြင့် နောက်ကြောင်းပြန်လှန်စစ်ဆေးရာ ဗိုင်းရပ်စ်မှာ ဆေးလိပ်သောက်တတ်သည့် သူ၏အကျင့်ကနေတစ်ဆင့် ကူးစက်ဝင်ရောက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။
ယခုကဲ့သို့ ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ်ပြန့်နှံ့နေချိန်တွင် ဆေးလိပ်သောက်သူများအနေနဲ့ ကူးစက်မှုအန္တရာယ်မှ ကင်းစေရန် အခုအချိန်ဟာ ဆေးလိပ်ဖြတ်သင့်တဲ့ အချိန်ဖြစ်ကြောင်း သူမက သတိပေးပြောကြားလိုက်သည်။