BEC-TERO TV

အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် နွားကျင်ငယ်ရေများသောက်သုံး

17 Mar 2020     1,627 Views


အိန္ဒိယနိုင်ငံရှိ ဟိန္ဒူဘာသာရေး တက်ကြွလှုပ်ရှားသူမျာက ကိုရိုနာဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်တိုက်ဖျက်သည့်အနေနဲ့ နွားကျင်ငယ်ရေ(ဆီး) သောက်ပွဲနှင့် ဆုတောင်းပွဲကို မတ်လ ၁၄ ရက်နေ့က စုပေါင်းကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါပွဲကို ဦးဆောင်ကျင်းပသူများက နွားကျင်ငယ်ရေဟာ ရှေးအစဉ်အဆက်ကတည်းက ဘက်တီးရီးယားပိုးကို တိုက်ဖျက်နိုင်သည်ဟု ယုံကြည်ချက်ဖြင့် အိန္ဒိယတိုင်းရင်းဆေးအဖြစ် အသုံးပြုခဲ့ကြကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာလည်း ဘက်တီးရီးယားဖြစ်သည့်အတွက် နွားကျင်ငယ်ရေကို သောက်သုံးခြင်းဖြင့် ဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

သို့ပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ ထုတ်ပြန်ကြေညာထားချက်မှာတော့ ကိုရိုနာဗိုင်းရပ်စ် Covid-19 ဟာ ဘက်တီးရီးယား မဟုတ်ကြောင်း ဖော်ပြထားပါတယ်။ အိန္ဒိယအစိုးရကလည်း အခုလို နွားကျင်ငယ်ရေ သောက်သုံးတာကို အားပေးခြင်း မပြုထားပါ။ ဒါပေမယ့် ဘာသာရေးအစွဲကြီးသူ ဒေသခံတွေရဲ့ အယူအဆကတော့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဖို့အတွက် အိန္ဒိယအစိုးရက ပြည်သူတွေ ထိတ်လန့်တကြားဖြစ်အောင် ဖန်တီးပြီးနောက် နိုင်ငံခြားဖြစ်ဆေးဝါးတွေကို သုံးစွဲဖို့ ဦးစားပေးပြောဆိုနေတာဖြစ်ကြောင်း၊ သူတို့ကိုကွယ်တဲ့ ဘုန်းတော်ကြီးတွေ ဆရာကြီးတွေက နွားကျင်ငယ်ရေကို တိုင်းရင်းဆေးအဖြစ် သုံးလာကြတာ နှစ်ပေါင်းကြာခဲ့ပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

သူတို့တွေဟာ နွားကျင်ငယ်ရေတွေကို ရေနွေးခရားအိုးထဲထည့်ပြီး လိုက်လံဝေငှ သောက်သုံးခဲ့ကြပြီးနောက် ကိုကွယ်ဆည်းကပ်ရာ ဆိုင်ရာပိုင်ရာဖြစ်တဲ့ မိခင်နွားမကြီးအား ကိုရိုနာဗိုင်းရပ်စ်အား တိုက်ဖျက်ပေးပါရန် ဆုတောင်းဂါရဝပြုခဲ့ကြပါတယ်။ အဲဒီနောက် နွားချေး၊ နွားကျင်ငယ်ရေ၊ နွားနို့၊ ဒိန်ခဲ၊ ထောပတ်များဖြင့် ပြုလုပ်စီရင်ထားသော သောက်စရာတစ်မျိုးအား ဝေငှစားသောက်ခဲ့ကြပါတယ်။

မတ်လ ၁၆ ရက်နေ့ထိ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်အမှုပေါင်း ၁၁၀ ရှိနေပြီး ၂ ဦး သေဆုံးခဲ့ပြီဖြစ်သည်။ နိုင်ငံတွင်းသို့ နိုင်ငံခြားသား ဧည့်သည်ဝင်ရောက်မှုကို ပိတ်ပင်ထားပြီး ဗီဇာများ ထုတ်ပေးခြင်းကို ရပ်ဆိုင်းထားပြီဖြစ်သလို နယ်ခြားဂိတ်အချို့ကိုလည်း အဝင်အထွက် ပိတ်ထားကြောင်း သိရသည်။


17 Mar 2020     1,627 Views




RELATED

Most Popular of International News

Most Popular of NEWS