လေယာဉ်လက်မှတ်ခ သက်သာလို့ ခရီးထွက်ခဲ့ရာ Covid-19 ကူးစက်ပြီး ပြန်ရောက်
16 Mar 2020 1,590 Views
ယခုအချိန်ကာလဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးအသွားအလာနည်းပါးသွားတဲ့အတွက် လေကြောင်းကုမ္ပဏီတွေနဲ့ ခရီးသွားလုပ်ငန်းတွေရဲ့ စီးပွားရေးကို ထိခိုက်လာတာကြောင့် ဆက်လက်ရပ်တည်နိုင်ဖို့ အချို့လေကြောင်းလိုင်းများက ပရိုမိုးရှင်းတွေ လျှော့ဈေးတွေနဲ့ ဆွဲဆောင်တာတွေ ရှိနေပါတယ်။
China Press သတင်းတစ်ပုဒ်အရ တစ်ခါမှမကြုံဖူးလောက်အောင် လေယာဉ်လက်မှတ်ခက သက်သာလွန်းတာကြောင့် နိုင်ငံခြားခရီးစဉ်ကို အလည်သွားခဲ့သူတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြီး စိုးရိမ်ရတဲ့အခြေအနေနဲ့ ပြန်ရောက်လာခဲ့ပါတယ်။
ထိုင်ဝမ်နိုင်ငံ ရောဂါးထိမ်းချုပ်ရေး ဗဟိုဌါနက လက်တလောမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုရိုနာဗိုင်းရပ်စ် အမှုပေါင်း ၆ ခုထိ တက်လာနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီလူနာတွေထဲမှာဆိုရင် တစ်ဦးဟာ ရောဂါကူးစက်မှု မခံရသင့်ပဲ ကူးစက်ခံခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။ သူ့အနေနဲ့ အခုလို နိုင်ငံတစ်ကာမှာ ကိုရိုနာဗိုင်းရပ် ခြိမ်းခြောက်နေတဲ့ ကာလမှာ နိုင်ငံခြားကို အပျော်ခရီးမထွက်ခဲ့ဘူးဆိုရင် အခုလို ကူးစက်ခံရမှာ မဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။
လေယာဉ်လက်မှတ် မတန်တဆ ဈေးသက်သာလွန်းတာကို အခွင့်အရေးတစ်ခုလို သဘောထားပြီး နိုင်ငံခြားကို အပမ်းဖြေခရီးထွက်ခဲ့တာကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး စိုးရိမ်ရတဲ့ အခြေအနေနဲ့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
ဒီအဖြစ်ပျက်ကြောင့် အွန်လိုင်းသုံးသူတစ်ဦးက “ခင်ဗျားကတော့ ခင်ဗျားပိုက်ဆံမကုန်အောင် ပေါ့ချောင်ကောင်းဆိုပြီး ခရီးသွားတယ်၊ အခုတော့ ခင်းဗျားရဲ့ ဆေးကုသစရိတ်ကို တစ်နိုင်ငံလုံးက ဝိုင်းခံနေရပြီပေါ့” လို့ ဝေဖန်လိုက်ပါတယ်။