BEC-TERO TV

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ထိုင်ဝမ်ထောင်သားများ နှာခေါင်းစည်းများထုတ်လုပ်

11 Mar 2020     1,456 Views


ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့ရှိ လုံခြုံရေးတင်းကြပ်စွာ ချထားသည့် ထောင်ထဲတွင် ထောင်သားတစ်စု အပ်ချုပ်စက်ကိုယ်စီဖြင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် နှာခေါင်းစည်းများကို သူတို့ တတ်စွမ်းသမျှ တကုတ်ကုတ် ချုပ်လုပ်နေတာကို မြင်တွေ့ရပါတယ်။

ပုံမှန်အားဖြင့်တော့ ဒီလူတွေဟာ တိုယွန်းမြို့မှာရှိတဲ့ အချုပ်အလုပ် စက်ရုံတစ်ခုနဲ့ ပူးပေါင်းပြီး ထောင်သားဝတ်စုံတွေကိုသာ ချုပ်လုပ်လေ့ရှိပေမယ့် အခုတော့ ထောင်ထဲမှာ နှာခေါင်းစည်းတွေကို ပြောင်းလဲချုပ်လုပ်နေကြတာဖြစ်ပါတယ်။ ဖေဖော်ဝါရီ လလယ်မှစပြီး အခုချိန်ထိ နှာခေါင်းစည်းပေါင်း ၅၂,၀၀၀ ကို ချုပ်လုပ်ပေးခဲ့ကြပြီးဖြစ်ပါတယ်။

အသက် ၅၀ အရွယ် အညိုရောင် နှာခေါင်းစည်း ဝတ်ဆင်ထားတဲ့ ထောင်သားကြီးတစ်ဦးက နှာခေါင်းစည်းတွေကို သူ့ရဲ့မိသားစုတွေ ဝတ်ဆင်မယ့်နှာခေါင်းစည်းတွေအဖြစ် သဘောထားပြီး စေတနာအပြည့်နဲ့ ချုပ်လုပ်ခဲ့တာလို့ ဆိုပါတယ်။

“ကျွန်တော့ မိသားစုတွေ ထောင်ဝင်စာလာတွေ့တဲ့အခါ အပြင်မှာ နှာခေါင်းစည်း ဝယ်ရတာအရမ်းခက်တယ်လို့ ပြောပါတယ်။ ကျွန်တော်ကပြန်ပြောလိုက်ပါတယ် ဖေဖေ အခုထောင်ထဲမှာ နှာခေါင်းစည်းတွေ ချုပ်နေတယ်၊ စေတနာအကျိုးပေးခဲ့ရင် သမီးတို့ အဖေချုပ်တဲ့ နှာခေါင်းစည်းတွေ ဝတ်ဖို့အခွင့်အရေး ရကောင်းရမှာပါ” လို့ AFP သတင်းကို ပြောကြားခဲ့ပါတယ်။

သူဟာ မူးယစ်ဆေးဝါးနဲ့ လက်နက်အမှုတို့ကြောင့် ထောင်ဒဏ် ၂၃ နှစ်ကျခံနေရပြီး အခုဆိုရင် ထောင်ထဲမှာ ၁၀ နှစ်ကြာ ပေးဆပ်ခဲ့ပြီးပါပြီ။ ထောင်သားတွေဟာ ထောင်ထဲမှာ လူမှုဝန်ထမ်းစိတ်နဲ့ ဝင်ရောက်လုပ်ကိုင်ကြပြီး သိပ်မကြာခင်မှာပဲ စက်ချုပ်ပညာကိုပါ တတ်ကျွမ်းသွားခဲ့ကြတာဖြစ်ပါတယ်။

ထိုင်ဝမ်နိုင်ငံက ထောင်တွေထဲမှာ ထောင်သားတွေကို အလှည့်ကျ အစားအသောက်၊ အဝတ်အထည်နဲ့ ဆပ်ပြာ လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်စေပါတယ်။ ဒီအစီစဉ်က ထောင်းသားတွေကို အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေ၊ လက်မှုပညာတွေကို သင်ယူတတ်မြောက်စေဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။

သူတို့ချုပ်လုပ်ထားတဲ့ နှာခေါင်းစည်း တစ်ခုကို အပြင်မှာ ထိုင်ဝမ်ငွေ ၂၅ နဲ့ ရောင်းချပြီး သူတို့အတွက် လုပ်အားခလည်း အနည်းအကျဉ်းရရှိတာမို့ ဒီငွေတွေဟာ သူတို့အတွက် ထောင်ထဲမှာ အသုံးစရိတ်ရစေပါတယ်။


11 Mar 2020     1,456 Views




RELATED

Most Popular of International News

Most Popular of NEWS