ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အသစ်ကို တရုတ်ဗိုလ်ချုပ် ကိုယ်တိုင် စမ်းသပ်အထိုးခံ
06 Mar 2020 1,687 Views
တရုတ်ပြည်သူလွပ်မြောက်ရေး တပ်မတော် ဆေးတပ်မှ ထိပ်တန်းဗိုလ်ချုပ်အဆင့်ရှိသူ အမျိုးသမီးက ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားတဲ့ ဆေးအသစ်တစ်မျိုးကို သူမရဲ့ကိုယ်ထဲသို့ ထိုးသွင်းကာ အစမ်းသပ်ခံခဲ့ပါတယ်။
အသက် ၅၄ နှစ်အရွယ် ဆေးတပ် ဗိုလ်ချုပ်ကြီး ‘ချန်းဝေ’ ဟာ ယခင်က ဖြစ်ပွားခဲ့ဖူးသည့် ဆားစ်ရောဂါနဲ့ အီဘိုလာရောဂါတိုက်ဖျက်ရေး လုပ်ငန်းတွေမှာ အတွေ့အကြုံရှိသူ စစ်တပ်မှ ဆေးသိပ္ပံပညာရှင်ဖြစ်ပါတယ်။ သူမဟာ ယခုကိုရိုနာဗိုင်းရပ်စ်အတွက် ဆေးအသစ်တစ်မျိုးကို ဖော်စပ်ရန် ဝူဟန်တက္ကသိုလ်မှာ သူမရဲ့အဖွဲ့များနဲ့အတူ ရောဂါကာကွယ်ဆေးအတွက် ဆောင်ရွက်ခဲ့ပါတယ်။ သူမဟာ လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ကုသရေးမှာ တရားဝင်အသုံးပြုနေတဲ့ ပလပ်စမာသာရဖီ(plasma therapy) ကိုလည်း ဦးဆောင်ပြီး ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်နေသူလည်းဖြစ်ပါတယ်။
အခုနောက်ဆုံး ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်ဖို့ အလားအလာရှိနေတဲ့ ဆေးအသစ်တစ်မျိုးကို တိရိစ္ဆာန်တွေနဲ့တောင် မစမ်းသပ်ရသေးပဲ ဗိုလ်ကြီး ‘ချန်းဝေ’ က သူမရဲ့ ကိုယ်ထဲကို ဆေးထိုးပြီး ကိုယ်တိုင် အစမ်းသပ်ခံခဲ့ကြောင်း တွစ်တာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။
South China Morning Post သတင်းအရ တရုတ်ပြည်မှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို ကုသတဲ့နေရာမှာ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ဖို့ ဗိုလ်ကြီး ‘ချန်းဝေ’ နဲ့ အဖွဲ့ ၂၀၀၁-၂၀၀၃ ခုနှစ်လောက်က ဆားစ်ရောဂါအတွက် ဖော်စပ်ပေးထားတဲ့ နှာခေါင်းဖြန်းဆေးတွေကို အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။ ဒီနှာခေါင်းဖြန်းဆေးဟာ ဗိုင်းရပ်စ်ကို ထိထိရောက်ရောက် ကာကွယ်နိုင်သော်ငြားလည်း နည်းပညာလိုအပ်ချက်အရ အကြီးအကျယ်အများအပြား ထုတ်လုပ်နိုင်ခြင်း မရှိသေးသလို ကုန်ကျစရိတ်နဲ့ အခြားသော ဘေးထွက်ဆိုးကျိုးများ ရှိနေကြောင်း ဖော်ပြထားပါတယ်။
ဇန်နဝါရီ ၃၀ ရက်နေ့တုန်းက ဗိုလ်ကြီး ‘ချန်းဝေ’ က တစ်လအတွင်း ရောဂါအတွက် ဆေးကိုဖော်စပ်နိုင်မယ်လို့ မီဒီယာအချို့ကို ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် တစ်ကယ့်လက်တွေ့မှာတော့ ပြောထားတဲ့အတိုင်းဖြစ်လာနိုင်ဖို့ မလွယ်သေးပါဘူး။