ကိုရိုနာဗိုင်းရပ်စ်ကို မကြောက်ဟုဆိုကာ ဗိမာန်တော်ကို လျှာနဲ့လျက်ပြကြ (ရုပ်သံ)
04 Mar 2020 1,902 Views
ကမ္ဘာနဲ့အဝှမ်း ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့နေပြီး အရှေ့အလယ်ပိုင်းဒေသနိုင်ငံများမှာဆိုလျှင် မတ်လ ၄ ရက်နေ့ စစ်တမ်းအရ အီရန်နိုင်ငံမှာ ကူးစက်ခံထားရမှု ၂,၃၃၆ ရှိနေပြီး သေဆုံးသူ ၇၇ ဦးထိ ရှိလာပြီဖြစ်ပါတယ်။ အီရန်နိုင်ငံဟာ အရှေ့အလယ်ပိုင်းမှာတော့ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အခံရဆုံး နံပါတ်တစ်နေရာမှာ ရှိနေပါတယ်။
ဗိုင်းရပ်စ်ပြန့်ပွားရာ အဓိကဗဟိုချက်မှာ အီရန်ရဲ့ မြို့တော် ကုမ်(Qom) ဖြစ်ပါတယ်။ မြို့တော်မှာရှိတဲ့ ဘုရားဝတ်ပြုတဲ့ကျောင်းတွေမှာ လူစုလူဝေးနဲ့ ဝတ်ပြုကြတာဖြစ်လို့ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် ဘုရားကျောင်းများကို ပိတ်ထားဖို့ ပြောကြားခဲ့ပေမယ့် သက်ဆိုင်ရာ အာဏာပိုင်တွေက ငြင်းဆန်နေကြပါတယ်။
ဒါ့အပြင် ဘာသာရေးယုံကြည်ချက် ပြင်းထန်သူများက ဘုရားကျောင်းတွေကနေ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနိုင်တယ်ဆိုတာ မဖြစ်နိုင်ဘူး၊ ကိုရိုနာဗိုင်းရပ်စ်ကိုလည်း မကြောက်ဘူးဟု ဆိုကာ ဗိမာန်တော်ရဲ့ တံခါးတွေ နံရံတွေကို သူတို့ကိုယ်တိုင် လျှာနဲ့လျက်ပြတဲ့ ရုပ်သံတွေ လူမှုကွန်ယက် တွစ်တာပေါ်မှာ တစ်ခုပြီးတစ်ခု တက်လာနေပါတယ်။
ရုပ်သံများအရ အမျိုးသားအချို့ဟာ အခုဗိမာန်တော်ကို လျှာနဲ့လျက်ပြမယ် ကိုရိုနာဗိုင်းရပ်စ် ကူးစမ်းကွာ မကြောက်ဘူးဟု ဆိုကာ လူအများထိတွေ့ကိုင်တွယ်တဲ့ ဘုရားကျောင်းထဲကနေရာတွေကို လျှာနဲ့လျက်ပြတာကို တွေ့ရပါတယ်။
ရုပ်သံမှာ ပါရှိတဲ့ တရားဟောဆရာတစ်ဦးက ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတွေသေတယ်ဆိုတာ သက်သေမပြနိုင်သေးကြောင်း၊ ရောဂါကူးစက်တယ်ဆိုတဲ့ လူတွေဆီ သူကိုယ်တိုင်သွားကာ ကုသပေးမှာဖြစ်ကြောင်း၊ အဲဒီအခါကျရင် ရောဂါဘယ်လို မြန်မြန်ပျောက်ကင်းသွားမယ်ဆိုတာ အားလုံးမြင်ကြရမှာဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ဆိုတာ ပုံပြင်တစ်ပုဒ်သာဖြစ်ကြောင်း လူတွေကို ငါတို့သက်သေပြမယ် စသည်ဖြင့် ဟောပြောသွားခဲ့တာကို တွေ့ရပါတယ်။
လျှာနဲ့လျက်ပြခဲ့သူ နောက်ထပ်အမျိုးသားတစ်ဦးက ဒီဗိမာန်မှာ ကိုရိုနာဗိုင်းရပ်စ်ရှိနေရင် အခြားသူတွေ မစိုးရိမ်ပဲ ဝတ်ပြုနိုင်အောင် အခုငါလျှာနဲ့လျက်ပြီး အဲဒီပိုးတွေ အကုန်ယူသွားလိုက်ပြီ ဟု ဆိုကာ လျှာနဲ့ လျက်နေတာကို တွေ့ရပါတယ်။