ကျားအားတိုးဆေး ပြန်မကျအောင်စွမ်းလို့ ဆေးရုံတက်လိုက်ရသူ
03 Mar 2020 3,632 Views
ကိုယ့်ရဲ့ စွမ်းဆောင်နိုင်မှုကို အမြဲတမ်း အလိုမကျဖြစ်နေတဲ့ အမျိုးသားတွေ အထူးသတိပြုရမယ့် သတင်းတစ်ပုဒ်ဖြစ်ပါတယ်။ ကြော်ငြာကောင်းတာရယ် အစွမ်းပြလိုတာရယ်ကြောင့် မစူးစမ်းမဆင်ခြင်ပဲ သောက်လိုက်မိတဲ့ ကျားခွန်အားတိုးဆေး တစ်ခွက်က အရှိန်ကောင်းလွန်ပြီး နတ်ပြည်ကနေ ငရဲပြည်ကို နေချင်းညချင်းရောက်သွားသလို မချိမဆံ့ဝေဒနာခံစားရပြီး ဆေးရုံရောက်သွားခဲ့ပါတယ်။
အမေရိကန်နဲ့ မက္ကဆီကို နယ်စပ်မြို့ဖြစ်တဲ့ ရေနိုစာမြို့က လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး သူ့ရဲ့လိင်အင်္ဂါမှာ သွေးခဲနေတာကြောင့် ၃ ရပ်တိတိ ထောင်မတ်နေကာ နာကျင်ကိုက်ခဲမှုများစွာနဲ့ ဆေးရုံကို အရေးပေါ်ရောက်လာခဲ့ပါတယ်။
ဆရာဝန်တွေက အဖြစ်ပျက်ကို မေးမြန်းတဲ့အခါ သူက ဗီရာခရူးဇ်မြို့ကို အလည်ပတ်သွားတုန်း ဆေးရောင်းသူတစ်ဦးက သံမဏိလိုမာကြောပြီး ကြာရှည်လည်းခံနိုင်တယ်လို့ ကြော်ငြာတဲ့အတွက် ကျားခွန်အားတိုးဆေး ဝယ်လာခဲ့ပါတယ်။ စမ်းသောက်ကြည့်ရာမှာ ကြောငြာထားသလို အမှန်တစ်ကယ် တောင့်တင်းပြီး ကြာရှည်ခံတာကိုတွေ့ရပါတယ်။ ဒါပေမယ့် ပြသနာက တောင့်တင်းမှုဟာ ကိစ္စပြီးသည့်တိုင် လျော့ကျမသွားပဲ တစထက်တစ်စ ပို၍ပို၍တောင့်တင်းလာတာကြောင့် လိင်တံတင်းကျပ်ပြီး နာကျင်တဲ့ ဝေဒနာကို ခံစားခဲ့ရပါတယ်။ ဆေးအရှိန်ပြယ်သွားအောင် စောင့်နေခဲ့ပေမယ့် ၃ ရက်တိုင်တိုင် တောင့်ခဲနေတာကြောင့် မခံနိုင်တော့တဲ့အဆုံး ဆေးရုံကို ရောက်လာခဲ့တာဖြစ်ပါတယ်။
အကြောင်းစုံသိရပြီးနောက် ဆရာဝန်တွေက လူနာရဲ့ လိင်တံကို စစ်ဆေးကြည့်ရာ သွေးတွေခဲနေတာကို တွေ့ခဲ့ရပါတယ်။ ခဲနေတဲ့သွေးတွေကို ဆရာဝန်တွေက ပြန်စုပ်ထုတ်ပြီး ဖယ်ရှားပေးခဲ့ရပါတယ်။
သူဝယ်လာခဲ့တဲ့ ကျားခွန်အားတိုးဆေးတွေကို ဓါတ်ခွဲခန်းပို့ပြီး စစ်ဆေးကြည့်ရာမှာ ဆေးအာနိသင် ပြင်းထန်ပြီး လူတွေအတွက် အန္တရာယ်ရှိပြီး မသင့်လျော်တဲ့ ဆေးတွေပါဝင်နေတာကိုတွေ့ရပါတယ်။ ပါဝင်ပစ္စည်းတွေထဲမှာ တရိစ္ဆာန်များ မျိုးပွားရန်ရည်ရွယ်ပြီး နွားထီးတွေကို ထိုးပေးတဲ့ဆေးဖြစ်နေတာကို တွေ့ရှိခဲ့ပါတယ်။
အချိန်နောက်ကျပြီးမှ ဆေးရုံရောက်လာပါက ဖြတ်ပစ်ရတဲ့အထိ အန္တရာယ်ရှိကြောင်း ပြောကြားပြီး အခြားအမျိုးသားတွေကိုလည်း ကျားအားတိုးဆေးတွေကို ရမ်းသမ်းပြီး မသောက်ကြဖို့ သတိပေးလိုက်ပါတယ်။