၂ နှစ်သမီးလေးကို ရေကန်ထဲခေါင်းနှစ် သတ်မိခဲ့သူမိခင် ထောင် ၁၈ နှစ် ကျခံရ
27 Feb 2020 1,756 Views
အသက် ၂ နှစ်အရွယ် သမီးလေးအား ဒဏ်ပေးသည့်အနေနဲ့ ဦးခေါင်းကို ရေကန်ထဲနှစ်ကာ ဆုံးမခဲ့တာကြောင့် ကလေးသေဆုံးသွားသည့်အတွက် မိခင်ဖြစ်သူအား ထောင်ဒဏ် ၁၈ နှစ်ကျခံစေရန် တရားရုံးမှ ပြစ်ဒဏ် ချမှတ်လိုက်သည်။
အမေရိကန်နိုင်ငံတွင် လွန်ခဲ့သော လေးနှစ် ၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့သော အမှုအား ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဘရုကလင်းရှိ ကင်းကောင်တီအမြင့်ဆုံး တရားရုံးမှ ကျူးလွန်ခဲ့သူ အသက် ၂၈ နှစ်အရွယ် ‘လင်းလီ’ ဆိုသော အမျိုးသမီးအား ထောင်ဒဏ် ၁၈ နှစ် ကျခံစေရန် အပြီးသတ် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။
‘လင်းလီ’ ဟာ သူမရဲ့ အသက် ၂ နှစ်အရွယ် သမီးလေး သေဆုံးရသည်ထိ ရေနှစ်ထားခဲ့သည့်အမှုကို ဂျူရီလူကြီးများက ဒုတိယတန်းစား လူသတ်မှုအဖြစ် သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် အသက် ၄ နှစ်အရွယ် သူမ၏ သားအကြီးကောင်ကိုလည်း အဲဒီနေ့ မတိုင်မီတစ်ရက်ကလည်း အလားတူ ရေနှစ်ခဲ့တဲ့ ဖြစ်စဉ်မျိုး စစ်ဆေးပေါ်ပေါ်က်ခဲ့ပြီးနောက် ပထမတန်းစား လူသတ်မှုအဖြစ် တရားသူကြီးက ပြောင်းလဲ သတ်မှတ်လိုက်သည်။
ဖြစ်စဉ်မှာ ‘လင်းလီ’ တို့မိသားစု (ခင်ပွန်းနှင့် ကလေးနှစ်ဦး) တို့မှာ ဒါဇင်နဲ့ချီတဲ့ လူတွေ စုပေါင်းနေထိုင်ကြတဲ့ အိမ်ခန်းမှာ နေထိုင်ကြသူတွေဖြစ်ပါတယ်။ အသက် ၂ နှစ်အရွယ် သမီးလေး ‘မယ်လိုဒီ’ က သူ့ကိုယ်သူ စိုရွှဲနေအောင် ဆော့ကစားခဲ့တဲ့အပေါ် မိခင်ဖြစ်သူ ‘လင်းလီ’ က ဒေါသထွက်ပြီး ကလေးကို ရေချိုးခန်းထဲခေါ်သွားကာ ရေအပြည့်ဖြည့်ထားသော ပလပ်စတစ်ရေစည်ပိုင်းထဲမှာ ကလေးရဲ့ ဦးခေါင်းကို ရေထဲနှစ်ခါးခဲ့တာဖြစ်ပါတယ်။ ကလေးက လှုပ်ရှားရုန်းကန်ခြင်း မပြုတော့မှ လွှတ်ပေးလိုက်ပြီး ကလေးကို လှည့်၍ပင်မကြည့်ပဲ ရေချိုးခန်းထဲမှ ထွက်လာခဲ့ပါတယ်။ နောက်မကြာခင်အချိန်ကြမှ 911 ကို ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ အရေးပေါ်အဖွဲ့ ရောက်လာခဲ့ပြီး ကလေးကို အသက်ကယ်နည်းများဖြင့် ကယ်တင်ခဲ့ပေမယ့် သေဆုံးသွားပြီဟု ကြေညာခဲ့ပါတယ်။
တရားရုံးတက်လာတဲ့ 'လင်းလီ' ရဲ့ ခင်ပွန်း
တရားခွင်မှာ ‘လင်းလီ’ က သူမရဲ့ လုပ်ရပ်အတွက် များစွာနောင်တရကြောင်း၊ သမီးလေးအပေါ် ကျူးလွန်မိခဲ့သည့်အပြစ်အတွက် နှစ်ပေါင်းမည်မျှပင်ဖြစ်စေကာမူ ခံယူဖို့အသင့်ဖြစ်ကြောင်း ငိုကြွေးဝမ်းနည်းပြီး ပြောကြားသွားခဲ့ပါတယ်။ သူမ၏ ရှေ့နေဖြစ်သူကလည်း ဒီအဖြစ်အပျက်အတွက် သူမကိုယ်သူမ နေ့တိုင်းအပြစ်တင်လို့ မဆုံး ဖြစ်နေရကြောင်း လျှောက်လဲခဲ့ပါတယ်။
မိခင်တစ်ယောက်အနေနဲ့ သားသမီးကို ဘေးအန္တရာယ်မဖြစ်အောင် ကာကွယ်ဖို့ တာဝန်ရှိတာမှန်သော်ငြားလည်း ယခုလို အသက်အန္တရာယ်ရှိစေတဲ့ နည်းလမ်းတွေနဲ့ သားသမီးတွေကို သွန်သင်ဆုံးမတာဟာ မမှန်ကန်ကြောင်း၊ အဲဒီအတွက် သမီးဖြစ်သူ သေဆုံးခဲ့ရကြောင်း၊ သမီးလေးရဲ့ အသက်ကို ဘယ်လိုအရာတွေနဲ့မှ ပြန်ယူ၍မရတော့ကြောင်း တရားသူကြီးက ကြေညာချက်မှာ ထည့်သွင်းဖော်ပြခဲ့ပြီး ထောင်ဒဏ် ၁၈ နှစ်ကျခံစေရန် စီရင်ချက်ချမှတ်ခဲ့သည်။