BEC-TERO TV

ရေကူးကန်မှာ ရေကူးခြင်းကြောင့် အမျိုးသမီးများ ကိုယ်ဝန်ရနိုင်ဟု ပြောဆိုသူ ဝေဖန်ခံနေရ

25 Feb 2020     1,699 Views


အင်ဒိုနီးရှားနိုင်ငံမှ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အထူးတာဝန်အပ်နှင်းခံထားရသူ ပရော်ဖက်ဆာ အမျိုးသမီးတစ်ဦးက အမျိုးသားတွေကူးကြတဲ့ ရေကူးကန် တစ်ကန်ထဲမှာ ရေကူးရာကနေလည်း အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ရသွားနိုင်ကြောင်း ပြောကြားခဲ့တာကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်မှု ခံနေရပါတယ်။

ကောလိပ်ကျောင်း ပရော်ဖက်ဆာလည်းဖြစ် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ကော်မရှင်နာလည်းဖြစ်တဲ့ Sitti Hikmawatty က ပြီးခဲ့တဲ့သောကြာနေ့က မီဒီယာနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

Ms Hikmawatty ဟာ ကလေးတွေရဲ့ ကျန်းမာရေး၊ တရားမဝင် မူးယစ်ဆေးဆိုင်ရာ ကိစ္စရပ်တွေကို ကာကွယ်နိုင်ဖို့ တာဝန်ယူကာကြိုတင်သုံးသပ် ပြင်ဆင်ရသူလည်းဖြစ်ပါတယ်။ လက်မထပ်မီ လိင်ဆက်ဆံခြင်း နဲ့ တရားမဝင် ကလေးဖျက်ချခြင်းတွေ လုပ်နေတဲ့ နိုင်ငံထဲက ဆေးခန်းတွေ အကြောင်းကို စတင်ပြောဆို ဆွေးနွေးခဲ့ပါတယ်။

“အမျိုးသမီးတွေဟာ ကာမထိတွေ့ခြင်းစပ်ယှက်ခြင်း မရှိပဲနဲ့လည်း ကိုယ်ဝန်ရနိုင်ပါတယ်၊ အချို့သော သုတ်ပိုးတွေက အလွန်သန်မာတယ်။ ကိုယ့်ထဲကို တိုက်ရိုက် ထုတ်လွှတ်လိုက်တာမျိုးမဟုတ်ပဲနဲ့ ရေကူးကန်ထဲက အမျိုးသားတွေဟာ ရာဂစိတ်ကြောင့် သုတ်လွှတ်မိသွားတဲ့အခါ အဲဒီရေကန်ထဲမှာ အတူတူ ရေကူးနေတဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ရသွားနိုင်ပါတယ်” လို့ သူမက ပြောဆိုခဲ့ပါတယ်။

ဒီလိုဖြေကြားမှုဟာ လူရယ်စရာကြီးတစ်ခုသဖွယ်ဖြစ်နေပြီး သူမကို ရာထူးကနေ စွန့်ခွာဖို့ ဖုန်းဆက်ပြောဆို တိုက်ခိုက်မှုတွေ များစွာနဲ့ ကြုံနေရပါတယ်။

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကြီးက Ms Hikmawatty ရဲ့ ပြောဆိုမှုဟာ အဖွဲ့အစည်းကို ကိုယ်စားမပြုပါကြောင်း နောက်ပိုင်းမှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

Ms Hikmawatty ဟာ အစပိုင်းမှာ သူမရဲ့ပြောကြားချက်တွေဟာ သုတေသနတွေပေါ်အခြေခံတယ်လို့ အခိုင်အမာပြောဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူမ မှားယွင်းသွားကြောင်း ပြန်လည်တောင်းပန်ခဲ့ပါတယ်။

အင်ဒိုနီးရှား ဆရာဝန်များအသင်းကလည်း သာမန်ရေကူးရုံနဲ့ ကိုယ်ဝန်ရသွားနိုင်တယ်ဆိုတာ မဖြစ်နိုင်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။ ရေကူးကန်ထဲကရေမှာပါဝင်တဲ့ ကလိုရင်းဓါတ်နဲ့ အခြား ဓာတုပစ္စည်းတွေကြောင့် ရေကူးကန်ထဲမှာ အမျိုးသားသုတ်ပိုးက အသက်ရှင်နိုင်စရာလမ်းမရှိပါဘူးဟု ပြောဆိုခဲ့ပါတယ်။


25 Feb 2020     1,699 Views




RELATED

Most Popular of Special or Others

Most Popular of NEWS