ကိုရာနာဗိုင်းရပ်စ်ကြောင့် Mission Impossible 7 ရုပ်ရှင် ဆက်မရိုက်နိုင်တော့
25 Feb 2020 1,592 Views

မဖြစ်နိုင်တဲ့အရာတွေကို နည်းမျိုးစုံနဲ့ ဖြစ်နိုင်အောင် ကျော်ဖြတ်ပြီး အထူးတာဝန်တွေကို မရရအောင်ထမ်းဆောင်တဲ့ Mission Impossible ရုပ်ရှင်ဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ တွေ့တော့မှ လက်မြောက်အရှုံးပေး နောက်ဆုတ်သွားခဲ့ရပါတယ်။
မင်းသားချော တွမ်ခရုစ် ပါဝင်တဲ့ Mission Impossible ရုပ်ရှင်ဇာတ်ကားတွဲရဲ့ ၇ ကားမြောက် Mission Impossible 7 ကို အီတလီနိုင်ငံ ဗင်းဆင့်မြို့မှာ မနေ့က(တနင်္လာနေ့) သုံးပတ်ကြာ စတင်ရိုက်ကူးဖို့ စီစဉ်ထားခဲ့ပေမယ့် အီတလီနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုတွေရှိနေတာကြောင့် ရုပ်ရှင်ရိုက်ကူးရေးကို အကန့်အသတ်မရှိ ရွေ့ဆိုင်းထားလိုက်ရပါတယ်။
Mission Impossible ကို Paramount ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးမှာဖြစ်ပြီး လက်တလောမှာ အီတလီနယ်မြေအစိုးရက အစုအဖွဲ့နဲ့ လှုပ်ရှားမှုတွေအားလုံးကို ပိတ်ပင်လိုက်တာကြောင့် ရက်ရွေ့ဆိုင်းလိုက်ရတာဖြစ်ပါတယ်။ ရုပ်ရှင်အဖွဲ့သားတွေကို အိမ်ပြန်အနားယူကြဖို့ ထုတ်လုပ်ရေးကုမ္ပဏီက ခွင့်ပေးထားပြီး အီတလီနိုင်ငံရဲ့ အခြေအနေကို စောင့်ကြည့်ကာ အခွင့်သာတာနဲ့ ရိုက်ကူးရေး ပြန်စမှာဖြစ်ကြောင်း Paramount ထုတ်လုပ်ရေးက ပြောကြားခဲ့ပါတယ်။
Mission Impossible 7 ကို လာမည့် ၂၀၂၁ ဇူလိုင်လမှာ ရုံတင်နိုင်ရန် မျှော်လင့်ထားပြီး ၈ ကားမြောက် Mission Impossible 8 ကိုတော့ ၂၀၂၂ မှာ ပြသနိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။
ကံမကောင်းအကြောင်းမလှစွာနဲ့ Mission Impossible ဟာ မဖြစ်နိုင်တဲ့ အနေအထားနဲ့ ရင်ဆိုင်နေရပါတယ် ဒါပေမယ့် အီသာဟန့်(Ethan Hunt) အတွက်တော့ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး၊ အားလုံးအတွက် မျှော်လင့်ချက်တစ်ခုခုရှိလာမှာပါလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။