ကိုရိုနာဗိုင်းရပ်စ် ထောက်လှမ်းနိုင်မည့် QR code အလီဘာဘာ တီထွင်
18 Feb 2020 1,719 Views

တရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ထောက်လှမ်းနိုင်မည့် စနစ်တစ်ခုဖော်ဆောင်နိုင်ရန် နည်းပညာကုမ္ပဏီကြီးများဖြစ်ကြသည့် Alibaba Group Holding နဲ့ Tencent Holding တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် တရုတ်အစိုးရက အကူအညီများ ရယူနေပြီဖြစ်သည်။
အွန်းလိုင်ငွေချေစနစ် Alipay ကို တီထွင်သူ Alibaba ကုမ္ပဏီက အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည့် QR ကုဒ်နည်းပညာဖြင့် ဟန်ကျိုးမြို့သားများ၏ ကျန်မာရေးအခြေအနေကို ဖော်ပြနိုင်မည့် လုပ်ဆောင်ချက်များကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်လိုက်ပြီဖြစ်သည်။
အစီစဉ်အရ မြို့နေလူထုကို အွန်လိုင်းပေါ်ကနေ ဖြည့်စွက်ရမည့် လျှောက်လွှာများ ဝေငှသွားမှာဖြစ်ပြီး အဆိုပါလျှောက်လွှာတွင် မိမိ၏ နိုင်ငံသားကတ်ပြားအမှတ်၊ လက်တလော ဟန်ကျိုးမြို့မှ ပြင်ပသို့ ခရီးသွားထားမှု မှတ်တမ်း၊ ဖျားနာမှု၊ ကိုယ်ပူချိန် နဲ့ အကြီးအကျယ် ချောင်းဆိုးတာတွေ အပါအဝင် မေးခွန်းများနဲ့ ကွပ်လပ်များကို ပြည့်စုံစွာ ဖြည့်စွက်ရမှာဖြစ်ပါတယ်။
လျှောက်လွှာဖြည့်သွင်းသူ၏ အချက်အလက်များပေါ်မူတည်ပြီး သက်ဆိုင်ရာ မိုဘိုင်းဖုန်းများသို့ အရောင်ပါဝင်သော QR code များကို ပြန်လည်ပေးပို့သွားမည်ဖြစ်သည်။ အဆိုပါ QR code အရောင်ပေါ်မူတည်၍ ကျန်းမာရေးအခြေအနေကို တိုင်းတာ သတ်မှတ်နိုင်မည်ဖြစ်သည်။
QR code အနီရောင်ကို လက်ခံရရှိသူအနေနဲ့ ၁၄ ရက်ကြာ ရောဂါထိန်းချုပ်စောင့်ကြည့်ခံရမှာဖြစ်ပြီး DingTalk ဟု အမည်ရသော App ကို နေ့စဉ်ပုံမှန် Check-in ဝင်ထားဖို့ ညွှန်ကြားမှာဖြစ်ပါတယ်။
အဝါရောင် QR code ရရှိသူများဟာ ၇ ရက်ကြာ ကျန်းမာရေး လမ်းညွှန်ချက်များကို လိုက်နာလုပ်ဆောင်ရမှာဖြစ်ပြီး အစိမ်းရောင် QR code ရသူများအနေနဲ့ လွပ်လပ်စွာ သွားလာနိုင်မှာဖြစ်ပါတယ်။
အဆိုပ QR code စနစ်များကို သိရှိစစ်ဆေးနိုင်သည့် စက်များကို အများပြည်သူသွားလာရာ ရထားဆိပ်၊ ကားဆိပ်၊ စစ်ဆေးရေးဂိတ် အစရှိသည်တို့မှာ တပ်ဆင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သတင်းစာများတွင် ဖော်ပြထားသည်။
အချို့သော နေအိမ်အဆောက်အဦးများနဲ့ ဈေးဝယ်စင်တာအချို့တို့မှာ QR code စစ်ဆေးစက်များ တပ်ဆင်ထားပြီးဖြစ်ပြီး၊ လာရောက်သူများကို စစ်ဆေးပြီးမှ ဝင်ခွင့်ပြုမှုတွေ စတင်နေပြီဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာတော့ အစိုးရနဲ့ပူးပေါင်းကာ တစ်နိုင်ငံလုံးအတိုင်းအတာထိ ကျယ်ပြန့်စွာ ဆောင်ရွက်သွားမည်ဟု Alipay က ထပ်မံကြေညာခဲ့ပါတယ်။
WeChat ကို တီထွင်တဲ့ Tecent ကုမ္ပဏီအနေနဲ့လည်း အလားတူ QR code များကို ထုတ်သွားမှာဖြစ်ပြီး တရုတ်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေး အဖွဲ့အစည်း (NDRC) နဲ့ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး ရှန်ကျန်းမြို့မှာ စတင်အသုံးပြုနေပြီဖြစ်ပြီး မကြာမီ ဂွမ်ဒေါင်းပြည်နယ်တစ်ခုလုံးကို ဆက်လက်ချဲ့ထွင်သွားမည်ဖြစ်ကြောင်း သိရသည်။