ကိုရိုနာဗိုင်းရပ်စ် စတင်ရာ အမှန်တရားကို သုတေသီများ ထုတ်ဖော်ပြောကြား
17 Feb 2020 1,541 Views

ဝူဟန်ဗိုင်းရပ်(ကိုရိုနာဗိုင်းရပ်) Convid-19 ဟာ ဝူဟန်မြို့ရှိ သားငါးဈေးကြီးထဲက စတင်ပြန့်နှံ့ခဲ့တယ်လို့ အပြစ်ဖို့ခံခဲ့ရပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ကျွမ်းကျင်သူ တရုတ်သုတေသီတွေက ဗိုင်းရပ်စ် စတင်ခဲ့ပုံ လျှို့ဝှက်ထားတဲ့ အမှန်တရားကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ ဝူဟန်ဈေးကြီးထဲက စတင်တာမဖြစ်နိုင်ပဲ စမ်းသပ်ခန်းထဲမှာ သုတေသီတွေကို လင်းနို့တွေ တိုက်ခိုက်ခဲ့မှုက စတင်ခဲ့တာဖြစ်နိုင်ကြောင်း အခိုင်အမာ ပြောဆိုလိုက်ပါတယ်။
ဝူဟန်သားငါးဈေးကြီးဟာ ကိုရိုနာဗိုင်းရပ်စ် စတင်ခဲ့တယ်လို့ ယူဆထားတဲ့ ဝူဟန်ရောဂါထိန်းချုပ်ရေးဗဟိုဌါနနဲ့ မီတာ ၂၈၀ အကွာမှာသာ တည်ရှိကြောင်း ဗိုင်းရပ်စ်ကျွမ်းကျင်သူ တရုတ်သုတေသီတွေက သုတေသနဂျာနယ်တွေဖြစ်တဲ့ Research Gate, Botao Xiao နဲ့ Lei Xiao တို့မှာ ရေးသားဖော်ပြခဲ့ပါတယ်။
ဝူဟန်ရောဂါထိန်းချုပ်ရေးဗဟိုဌါနဟာ သုတေသနပြုဖို့ရည်ရွယ်ချက်နဲ့ သတ္တဝါတွေကို စမ်းသပ်ခန်းထဲမှာ ထိန်းသိမ်းထားခဲ့ပါတယ်။ အဆိုပါ သတ္တဝါတွေထဲမှာ ဟူဘေနဲ့ ကျီကျင်းဒေသတွေကနေ ဖမ်းယူထားတဲ့ လင်းနို့အကောင် ၆၀၅ ကောင် ပါဝင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ လင်းနို့တွေကတစ်ဆင့် လူတွေကို ကူးစက်တယ်လို့ သုတေသီတွေက ယုံကြည်ထားကြပါတယ်။
သတင်းမှာ ဖော်ပြထားချက်အရ JH Tian ဟု အမည်ရတဲ့ သုတေသီတစ်ဦးဟာ လင်းနို့တွေရဲ့ တိုက်ခိုက်တာကို ခံခဲ့ရပြီး လင်းနို့ရဲ့ သွေးအချို့ သူ့ရဲ့အရေပြားနဲ့ တိုက်ရိုက် ထိတွေ့ခံခဲ့ရပါတယ်။ အဲဒီအတွက် Mr Tian ကို ရောဂါထိန်းချုပ်ခန်းမှာ ၂၈ ရက်ကြာ ထိန်းသိမ်းခံထားခဲ့ကြပါတယ်။
အဆိုပါ သုတေသနစမ်းသပ်ခန်းဟာ ကိုရိုနာဗိုင်းရပ်စ် ပထမဦးဆုံး ကူးစက်ခံခဲ့ရတဲ့ ဆရာဝန်အလုပ်လုပ်ရာ ယူနီယံဆေးရုံနဲ့ ကပ်လျက်မှာ တည်ရှိပါတယ်။ ဖြစ်နိုင်ချေရှိတာက ဗိုင်းရပ်စ်ဟာ လွတ်ထွက်သွားပြီး အနီးနားပတ်ဝန်းကျင်မှာ ကပ်ညိရာကနေ လူတွေကို ကူးစက်ခဲ့တာဖြစ်နိုင်ကြောင်း၊ အတည်ပြုနိုင်ဖို့ ခိုင်မာတဲ့ သက်သေတွေနဲ့ စမ်းစစ်မှုတွေ ပြုလုပ်ရန်လိုနေသေးကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒုတိယစမ်းသပ်ခန်းတစ်ခုဟာလည်း ဝူဟန်သားငါးဈေးကြီးနဲ့ ၁၂ ကီလိုမီတာအကွာမှာသာ တည်ရှိပြီး အဆိုပါစမ်းသပ်ခန်းဟာ ဆားစ်ရောဂါ ဖြစ်ပွားစေခဲ့တဲ့ မြင်းခွာလင်းနို့အမျိုးအစားတွေကို လေ့လာခဲ့ဖူးတဲ့ နေရာဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။ ဆားစ်ရောဂါကြောင့် ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၃ ခုနှစ်တွေမှာ ၇၇၄ ဦး သေဆုံးခဲ့ပါတယ်။
အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်က ဆားစ်ရောဂါကို ကျော်တက်သွားပြီး တရုတ်ပြည်မကြီးတစ်ခုထဲမှာတင် သေဆုံးသူ ၁,၆၆၆ ဦးထိ ရှိလာနေပြီဖြစ်ပြီး တကမ္ဘာလုံးမှာဆိုရင် နိုင်ငံပေါင်း ၂၄ နိုင်ငံကို ပြန့်နှံ့လျှက်ရှိပြီး လူပေါင်း ၅၈,၀၀၀ ကျော် ကူးစက်ခံနေရကြောင်း သိရှိရသည်။