BEC-TERO TV

ကွယ်လွန်သွားတဲ့ ကိုယ်အချစ်ရဆုံးသူတွေနဲ့ တဖန်ပြန်လည်ဆုံတွေ့နိုင်မည့် နည်းပညာ

10 Feb 2020     2,774 Views


မိသားစုဝင်ထဲကပဲဖြစ်ဖြစ် မိတ်ဆွေတွေထဲကပဲဖြစ်ဖြစ် ကိုယ်အချစ်ရဆုံးသောသူတွေ ကွယ်လွန်သွားတဲ့အခါ ဝမ်းနည်းပူဆွေး ယူကျုံးမရဖြစ်တတ်ကြပါတယ်။ သူတို့နဲ့အတူတူ နောက်ထပ်တစ်ခါဆုံခွင့်ရပြီး မပြောဖြစ်လိုက်တဲ့ စကားလေးတွေကို သူသိအောင်ပြောချင်ကြမှာ အမှန်ပါပဲ။

အဲဒီလို အဖြစ်မျိုးတွေထဲမှာမှ သားသမီးငယ်ငယ်လေးတွေကို အမှတ်မထင် ဆုံးရှုံးလိုက်ရတဲ့ မိဘတွေရဲ့ စိတ်ခံစားမှုက ဘယ်အရာနဲ့မှ နှိုင်းပြလို့မရအောင် နက်ရှိုင်းကြီးမားတယ်ဆိုတာ သေချာပါတယ်။

ဒီလိုမျိုး ဝမ်းနည်းပူဆွေးမှုတွေကို တင်္ဂဖြေသိမ့်နိုင်ဖို့ Virtual Reality (VR) နည်းပညာက ကူညီပံ့ပိုးပေးနိုင်တော့မှာ ဖြစ်ပါတယ်။

VR လို့ ဆိုတာက အခုခေတ်လူငယ်တွေနဲ့ မစိမ်းလှပါဘူး။ VR ကို တပ်ဆင်ပြီး ကွန်ပြူတာဂိမ်း ကစားတာ၊ ဇာတ်ကားတွေကို ရုပ်ရှင်ရုံကြီးထဲမှာ သွားကြည့်ရသလို ခံစားစေတဲ့ နေရာမှာ အသုံးပြုနေကြပါတယ်။ ဒီ VR ရဲ့ နည်းပညာကို အသုံးပြုပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ မိမိချစ်ခင်ရသူတွေနဲ့ ပျော်စရာအချိန်လေးတွေကို စကားစမြည်ပြောရင်း နောက်တစ်ကြိမ် တွေ့နိုင်ဖို့ အခွင့်အရေး ရှိလာပါပြီ။

ကိုရီးယားနိုင်ငံက Munhwa Broadcasting Corporation (MBC) က ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ၈ လကြာ လက်တွေ့ဆန်တဲ့ စိတ်ကူးယဉ်ကမ္ဘာလေးတစ်ခုကို ဖန်တီးတည်ဆောက်ခဲ့ကြပါတယ်။ ဒီအစီစဉ်ကို ပါဝင်ပူးပေါင်းခဲ့သူက Ji-sung ဆိုတဲ့ မိခင်တစ်ဦးဖြစ်ပြီး သူမရဲ့သမီးငယ်လေး ကွယ်လွန်သွားခဲ့တာ မကြာသေးပါဘူး။ သူမဟာ ဒီအစီစဉ်လေးကနေတစ်ဆင့် သမီးငယ်လေးနဲ့ VR ထဲမှာ ပြန်လည် ဆုံတွေ့ပြီး စကားတွေ အပြန်အလှန်ပြောနိုင်ခဲ့ပါတယ်။

Ji-sung ကို VR လက်အိတ်နဲ့ မျက်မှန်တို့ကို ဝတ်ဆင်စေပြီး သူမရဲ့ သမီးလေးနဲ့ လက်တွေ့ဆန်တဲ့ ကမ္ဘာအတုလေးထဲမှာ ပြန်လည် ဆုံးဆည်းစေခဲ့ပုံကို အဖွဲ့သားတွေက အစိမ်းရောင် အခန်းကြီးထဲမှာ ရိုက်ကူးမှတ်တမ်းတင်ခဲ့ပါတယ်။

သစ်သားပုံလေးတွေနောက်က ပြေးထွက်လာပြီး သူမကို စကားပြောတဲ့ သမီးလေးကို တွေ့လိုက်ရတဲ့အခါ Ji-sung က ဝမ်းသာလွန်းလို့ ခံစားနေရတဲ့ ပုံသဏ္ဍန်ကို ရုပ်သံမှာ တွေ့မြင်ခဲ့ရပါတယ်။

ဒီမျှတင်မကသေးပဲ သားအမိနှစ်ဦးရဲ့ အဖြစ်ပျက်ကို ကြည့်ရင်း ရိုက်ကူးရေးခန်းမထဲက ဝန်ထမ်းတွေပါ မျက်ရည်လည်ခဲ့ရပါတယ်။

Virtual World ကို ဖန်တီးခဲ့သူတွေက သူတို့သားအမိနှစ်ဦး ယခင်က သွားခဲ့ဖူးတဲ့ အမှတ်တရနေရာလေးတွေကိုပါ ထည့်သွင်းပုံဖော်ဖန်တီးထားတာကြောင့် Ji-sung ဟာ သမီးလေးနဲ့ အပြင်မှာ တစ်ကယ်တြေ့နေရသလို ခံစားခဲ့ရပါတယ်။ VR ကနေ တစ်ဆင့် သမီးလေးရဲ့ မွေးနေ့ကို သားအမိနှစ်ဦး နောက်တစ်ကြိမ်အတူတူ ဆင်နွှဲနိုင်ခဲ့ပါတယ်။

ဒီနည်းပညာနဲ့ အစီအစဉ်ဟာ အရမ်းကို အသက်ဝင်ပြီး ကိုယ်ချစ်တဲ့သူတွေကို နောက်တစ်ကြိမ် ပြန်လည်မြင်တွေ့နိုင်တာကြောင့် မိဘကို ဆုံးရှုံးလိုက်ရသူတွေ၊ သားသမီးကို ဆုံးရှုံးလိုက်ရသူတွေ၊ ချစ်သူကို ဆုံးရှုံးလိုက်ရသူတွေအနေနဲ့ ဒီအစီစဉ်ကို ပူးပေါင်းပါဝင်ကြပါလို့ Ji-sung က တိုက်တွန်းလိုက်ပါတယ်။


10 Feb 2020     2,774 Views




RELATED

Most Popular of Special or Others

Most Popular of NEWS