ကားအကောင်းစား မောင်းသူတွေဟာ စိတ်ဓါတ်နိမ့်ပါးသူတွေဖြစ်ကြောင်း လေ့လာတွေ့ရှိ
06 Feb 2020 1,705 Views
ကားလမ်းမတွေပေါ်မှာ မောင်းနှင်သွားလာနေကြတဲ့ မော်တော်ယာဉ်မောင်းများထဲမှာ အောက်တမ်းကျတဲ့ စိတ်ဓါတ်နဲ့ တစ်ကိုယ်ကောင်းဆန်ဆန် မောင်းနှင်ကြတဲ့ ဒရိုင်ဘာ အများစုဟ တန်ဖိုးကြီး ဇိမ်ခံကား မောင်းသူများဖြစ်ကြောင်း စိတ်ပညာရှင် သုတေသီများက လေ့လာတွေ့ရှိခဲ့ကြပါတယ်။
၂၀၁၉ ခုနှစ်က ထုတ်ဝေခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ စိတ်ပညာဂျာနယ်မှာ ဆွီဒင်နိုင်ငံ ဟယ်လ်ဆင်ကီတက္ကသိုလ်မှ လူမှုစိတ်ပညာ ပရောဖက်ဆာ Jan-Erik Lonnqvist က လေ့လာသုံးသပ်တွေ့ရှိချက်ကို ဖော်ပြရေးသားခဲ့ပါတယ်။ ဒီစာတမ်းအရဆိုရင် အကောင်းစားဇိမ်ခံကား မောင်းနှင်သူတွေဟာ လမ်းမတွေပေါ်မှာ အောက်တန်းအကျဆုံးပြုမူသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့တွေဟာ မော်တော်ယာဉ်စည်းမျဉ်းဥပဒေတွေကို လိုက်နာမှု အနည်းဆုံးသူတွေဖြစ်ပြီး၊ အရှိန်တင်မောင်းခြင်း၊ နောက်နားက ကပ်လိုက်ခြင်း၊ အချက်ပြမီး အသုံးမပြုခြင်းနဲ့ ကြမ်းတမ်းစွာမောင်းနှင်ခြင်းဖြင့် သူတို့ရဲ့ ကားတွေ ဘယ်လောက်ကောင်းကြောင်း ဂုဏ်ဆာပြသမှုတွေ ပြုလုပ်ကြောင်း လေ့လာသုံးသပ်မှု စာတမ်းမှာ ဖော်ပြထားပါတယ်။
လေ့လာတွေ့ရှိချက် အကြောင်းအရာအားလုံးကို ခြုံကြည့်လိုက်ပါက ငွေကြေးချမ်းသာမှုဟာ လူတွေရဲ့ စိတ်ဓာတ်ကို ပျက်ဆီးစေနိုင်တယ်ဆိုတာ လက်ခံရမယ့် အကြောင်းဖြစ်လာပါတယ်။ ဒီအခြေနေကြောင့် စိတ်အဆင့်အတန်းမြင့်မားမှုကို ဝါးမြိုပြီး ကျင့်ဝတ်နဲ့မညီတဲ့ အပြုအမူတွေကို ကားမောင်းခြင်းရဲ့ အခြားတစ်ဖက်မှာ မသိမသာ ချဲ့ထွင်ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တန်ဖိုးကြီး အကောင်းစားကားတွေကိုမှ သဘောကျတောင်းတတတ်တဲ့ လူတွေရဲ့ စရိုက်ဟာ အတ္တကြီးတဲ့ လက္ခဏာသွင်ပြင်ဆောင်တယ်လို့ ဖော်ပြထားပြီး သူတို့ရဲ့ အဆင့်အတန်းကို ပြသဖို့ အပြင်ပမ်း အရာတ္ထု၊ ဥစ္စာပစ္စည်းတို့အပေါ် အားယူသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
Jan-Erik ရဲ့ လေ့လာတွေရှိချက်ဟာ ပြီးပြည့်စုံတယ်ဆိုတာကို တန်ဖိုးကြီးကားပိုင်ရှင်တွေနဲ့ ပက်သက်ပြီး ယခင်ကသုတေသနပြုထားခဲ့ဖူးတဲ့ စာတမ်းတွေက ထောက်ခံနေပါတယ်။ ဒီသုတေသနတွေမှာလည်း တန်ဖိုးမြင့်ဇိမ်ခံကား ပိုင်ရှင်တွေဟာ လမ်းပေါ်မှာ စည်းကမ်းချိုးဖောက်ပြီး လစ်ရင်လစ်သလို အလုအယက်မောင်းနှင်တတ်တဲ့ သူများဖြစ်ကြောင်း ဖော်ပြထားခဲ့ပါတယ်။
စိတ်ပညာရှင် သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက် မှန်၊ မမှန်ဆိုတာ အခုပဲ လမ်းမပေါ်ထွက်လိုက်တာနဲ့ အဖြေရလာနိုင်ပါလိမ့်မယ်။