BEC-TERO TV

အက်စစ်နဲ့ပက်ခံရသူ အမျိုးသမီးနှစ်ဦးအမှု သက်ဆိုင်ရာက အရေးယူမှုမရှိသေး (ရုပ်သံ)

06 Feb 2020     2,027 Views


ဧရာဝတီတိုင်း ပန်းတနော်မြို့မှ အမျိုးသမီးနှစ်ဦးအား အက်စစ်နဲ့ပက်ကာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့ပြီး ယခု သုံးလကျော်သည်ထိ သက်ဆိုင်ရာက အရေးယူမှုတစ်စုံတစ်ရာမရှိသေးကြောင်း အက်စစ်ဖြင့် ပက်ခံခဲ့ရသူ မလဲလဲ့ဝင်းက ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်ရှိ မြန်မာဂျာနယ်လစ်ကွန်ယက် ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

DVB ရုပ်သံနှင့် မလဲ့လဲ့ဝင်း တို့၏ တွေ့ဆုံမေးမြန်ခန်း အင်တာဗျူးတွင် နဂိုမူလရုပ်ရည်နှင့် များစွာကွာခြားကာ မျက်နှာနဲ့ အမြင်အာရုံတို့ ဆိုးရွားစွာ ထိခိုက်သွားသော သူမကို စိတ်မကောင်းခြင်းများစွာဖြင့် တွေ့မြင်ရပါတယ်။

DVB နဲ့ အင်တာဗျူး ပြောကြားချက်များအရ ပန်းတနော်မြို့တွင် တရားမဝင် နှစ်လုံး၊ သုံးလုံး၊ ဘော်လုံးဒိုင်အား သက်ဆိုင်ရာ ရဲအဖွဲ့သို့ တိုင်ကြားခဲ့ပြီး အရေးယူမှုတစ်စုံတစ်ရာမရှိသဖြင့် ရဲတပ်ဖွဲ့မှအရာရှိအချို့ကိုပါ ပူးတွဲပြီး နေပြည်တော်ထိ အဆင့်ဆင့်တိုင်ကြားခဲ့ပါတယ်။

ယင်းကဲ့သို့ တိုင်ကြားခဲ့သဖြင့် လောင်းကစားဒိုင် အမျိုးသမီးမှ နေအိမ်ထိလာရောက်ကာ လက်နက်ကိုင်ဆောင်ပြီး အသက်ကိုရန်ရှာ ခြိမ်းခြောက်ကာ “နင့်ကို လူတွေရဲ့အပြင်ဘက်ရောက်အောင် ငါလုပ်ပြမယ်”ဟု ခြိမ်းခြောက်မှုများ ရှိခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

နေပြည်တော်သို့ သွားရောက်တိုင်တန်းခဲ့ပြီး သုံးရက်အကြာ အောက်တိုဘာလ ၂၄ ရက် ည ၁၁ နာရီအချိန်ခန့်တွင် မလဲ့လဲ့ဝင်း နဲ့ မခင်ဥမ္မာလင်း တို့ စကားပြောနေကြစဉ် ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက် ရောက်လာပြီး အက်စစ်ဖြင့် ပက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အက်စစ်နှင့် ပက်ခံခဲ့ရသူ မလဲ့လဲ့ဝင်း မှာ မောင်ဖြစ်သူ၏ ငွေကြေးထောက်ပံ့မှုနှင့် ဆေးရုံတက်ကာ ကုသမှုများ ခံယူနိုင်ခဲ့သော်လည်း မဥမ္မာလင်း မှာ ငွေကြေးချို့တဲ့သူဖြစ်သဖြင့် အိပ်ယာထဲမှာပဲ ထိရောက်စွာ ဆေးကုသနိုင်ခြင်းမရှိပဲ ဝေဒနာခံစားနေရကြောင်း ပြောပြခဲ့ပါတယ်။

ဖြစ်စဉ်ကို ခိုင်ခိုင်မာမာနဲ့ တိုင်ကြားခဲ့သော်လည်း သက်ဆိုင်ရာမှ သတင်းမေးမြန်းခြင်း၊ စစ်ဆေးအရေးယူခြင်းမရှိပဲ အမှုဖွင့်ခဲ့ချိန်မှ အခုချိန်ထိ လေးလနီးပါးရှိလာပြီဖြစ်ကြောင်း သိရသည်။

ရဲတွေအနေနဲ့ ဒုစရိုက်သမားများကို မြှောက်ပေးနေသ၍ မိန်းကလေးတွေရဲ့ ဘဝလုံခြုံမှုကင်းမဲ့ပြီး အကြမ်းဖက်စော်ကားမှုတွေ ရှိနေဦးမှာဖြစ်ကြောင်း မလဲ့လဲ့ဝင်းက ပြောကြားခဲ့သည်။

လက်ရှိမှာတော့ ရှေ့နေကြီး ဦးရောဘတ်စန်းအောင် ရဲ့ အကူအညီနဲ့ ဇန်နဝါရီ ၃ ရက် ၂၀၂၀ ရက်စွဲဖြင့် သူမကိုရန်ရှာခြိမ်းခြောက်ခဲ့သည့် အမျိုးသမီးနဲ့ ရဲနှစ်ဦးကို အမှုဖွင့်ထားပြီး ညောင်တုန်းမြို့နယ်ရဲတပ်ဖွဲ့မှူးက လာရောက်စစ်ဆေးထားပြီး အမှုကို မည်သည့်ပုဒ်မ တပ်မည်ဆိုတာ မသိသေးကြောင်း ဖြေကြားခဲ့သည်။

သူမဘဝ အဖြူကနေ အမည်းဖြစ်သွားအောင် ပြုလုပ်ခဲ့သူကို ဘယ်တော့မှ မေ့မှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ ဆရာဝန်ကြီးများရဲ့ ဂရုဏာဖြင့် ကုသပေးမှုကြောင့် မျက်စိအလင်း ရေးရေးလေး မြင်ခွင့်ရပြီး မျက်နှာ ပြန်လည် အစားထိုးခွဲစိတ်ရန် ထိုင်းနိုင်ငံသို့ သွားရောက်ကုသမှရမည် ဖြစ်သော်လည်း ငွေကြေးအင်အား မရှိသဖြင့် လက်တလောမှာ အစီစဉ်မရှိသေးကြောင်း စိတ်မချမ်းမြေ့ဖွယ်ရာ ကြားသိရသည်။


06 Feb 2020     2,027 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS